ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီမည်

ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီမည်
by -
မဇ္ဈိမ

ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေးခံစားခွင့် ချို့တဲ့သူများအား ကူညီရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း “လူမှုဘဝ လုံခြံုမှု ပေးစွမ်းနိုင်မည့် ခြေလှမ်း” ခေါင်းစဉ်နှင့် လှိုင်မြို့နယ် မြန်မာ အင်ဖိုတတ်တွင် နိုဝင်ဘာ ၉ ရက်နေ့က ဆွေးနွေးပွဲပြု လုပ်ခဲ့သည်။

“လူမှုရေးအရ အကာအကွယ်ပေးမှုဆိုရာမှာ ဆင်းရဲနွမ်းပါးမှုနဲ့ လူမှုရေးခံစားခွင့်တွေ ချို့တဲ့နေသူတွေ၊ စီးပွားရေးအရ ရော လူမှုရေး ခံစားခွင့်တွေ ချို့တဲ့နေရသူတွေအတွက် ကာကွယ်စောင့်ရှောက်မှုတင်မကဘဲ ဆိုးကျိုးတွေလျော့သွား စေဖို့၊ ပပျောက်စေဖို့ ရည်ရွယ်ပြီး အကောင်အထည်ဖော်သွားမှာပါ” ဟု အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ယင်းဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နှင့် အလုပ်သမား ဝန်ကြီးဌာနတို့က ပူးပေါင်းကျင်း ပခြင်း ဖြစ်သည်။

“သင့်လျော်ကောင်းမွန်တဲ့ လုပ်ခလစာနှင့် အလုပ်၊ လုပ်ငန်းခွင် လုံခြံုရေးနဲ့ ကျန်းမာရေးတို့ ပါဝင်တဲ့ လုပ်ငန်းခွင် အခြေအနေကိုလည်း ဖော်ဆောင်ပေးသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ရွှေ့ပြောင်း အလုပ်သမားများအခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးနိုင်မည့် အစီအစဉ်များအပြင် ခုခံအားနည်းရောဂါ အပါအဝင် ကပ်ရောဂါများ ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ကိုလည်း အကောင်အထည်ဖော်သွားမည်ဟု လည်းဆိုသည်။

“မကြာခင်မှာ နိုုင်ငံခြား ကုမ္ပဏီတွေ အများအပြား ဝင်လာနိုင်ပါတယ်။ အဲဒီ ကုမ္ပဏီတွေမှာ လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေ၊ နိုင်ထက်စီးနင်း လုပ်ကိုင်တတ်တဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေဆီမှာ လုပ်ကိုင်ရတဲ့ မြန်မာလုပ်သွားတွေအတွက် ဥပဒေအရ ခိုင်ခိုင်မာမာ ကာကွယ်ပေးဖို့ကို ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ရှေ့နေ ဦးဇော်ထွန်း က ပြောသည်။

ILO ၏ လူမှုရေး အကာအကွယ်ပေးမှုဆိုင်ရာ အဓိက ရည်မှန်းချက်များအနေဖြင့် လူမှုဖူလုံရေး စီမံကိန်းများ၏ လက်ရှိအကျုံးဝင် အကာအကွယ်ပေးနိုင်မှုနှင့် အကျိုးသက်ရောက်မှုတို့ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week