အိမ်နီးချင်း နိုင်ငံသုံးခုမှ ဆေးဝါးများ မြန်မာသို့ ဒေါ်လာ ၈၉ သန်းဖိုး တင်သွင်းပြီး

အိမ်နီးချင်း နိုင်ငံသုံးခုမှ ဆေးဝါးများ မြန်မာသို့ ဒေါ်လာ ၈၉ သန်းဖိုး တင်သွင်းပြီး
by -
မဇ္ဈိမ

ယခုနှစ်ဦးပိုင်းမှ စတင်၍ ဇူလိုင်လကုန် အထိ တရုတ် ထိုင်းနှင့် အိန္ဒိယ သုံးနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ဆေးဝါး တန်ဖိုး အမေရိကန် ဒေါ်လာ ၈၉ သန်းဘိုး ရှိတယ်လို့ ဆေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူက ပြောသည်။

"အိန္ဒိယကဆေးတွေ အများဆုံးဝင်ပါတယ်။ ဒုတိယက ထိုင်းနိုင်ငံထုတ် ဆေးတွေဖြစ်ပြီး တရုတ်ဆေးအဝင် ကတော့ တတိယနေရာမှာရှိနေပါတယ်" ဟု ဦးစည်သူဝင်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ အိန္ဒိယဆေးများ တင်သွင်းရာတွင် လေကြောင်းခရီးအနီးဆုံးတွင် ရှိနေခြင်း၊ တရုတ်ဆေးများထက် အရည်အသွေးပိုကောင်းခြင်း စသည့်အချက်များသည် မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်သည့် အကြောင်း တစ်ချက်အနေဖြင့် ပါဝင်နေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ Aung Capacity ဆေးဝါး တင်သွင်းသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း "မြန်မာနိုင်ငံကို အိန္ဒိယဆေး အဝင်များရတာက အိန္ဒိယမှာ အနောက်တိုင်းဆေးထုတ်တဲ့ ကုမ္ပဏီအကြီး၊ အသေး အမျာကြီး ရှိတယ်။ အိန္ဒိယကုန်သည်တွေက ဟိုး အရင်ကတည်းက မြန်မာနိုင်ငံဆေးစျေးကွက်ကို ဦးထားတဲ့ အနေအထား ရှိတယ်။ မြန်မာပြည်ကို ကုမ္ပဏီ လေး၊ ငါးခုလောက်ဝင်ပြီး ဆေးဝါးတွေ ရောင်းကြတယ်။ သူတို့ အောင်မြင်တော့ နောက်ကုမ္ပဏီတွေက ဆက်ဝင်လာတဲ့သဘောကို တွေ့ရတယ်" ဟု ပြောသည်။

ဆေးဝါးဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးကမူ ထိုင်းနိုင်ငံမှ လေကြောင်းသာမက၊ နယ်စပ်ကုန် သွယ်ရေးနှင့် တရားမဝင်လမ်းကြောင်း များမှလည်း ဆေးဝါးများ ဝင်ရောက်လေ့ရှိသည်ဟု ပြောသည်။

"ထိုင်းနိုင်ငံက ဆေးတွေကို လေးကြောင်းနဲ့သွင်းရင် နီးတယ်ဆိုပေမယ့် လေကြောင်းကသာမက နယ်စပ် ကုန်သွယ်ရေးက ဝင်တာလည်းရှိတယ်။ တရားမဝင် ဝင်နေတာတွေလည်းရှိတယ်။ အခုချိန်အထိ မြဝတီတို့၊ မြိတ်တို့၊ ထားဝယ် တို့ဘက်မှာ မှတ်ပုံတင်မထားတဲ့ဆေးတွေ တွေ့နေရတုန်းပဲ" ဟု ဆေးဝါးဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးလှသောင်း က ပြောသည်။

မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ဆေးအမျိုးအစား ၁၀၀ ကျော်ရှိနေပြီး ပါရာစီတမော၊ ဘာမီတွန်၊ အမောက်စလင် စသည့်လူသုံးအများဆုံးဝါးများကို ကုန််သွယ်ခွန် လျော့ချပေးထားသည်ဟုလည်း ဦးစည်သူဝင်း က ဆိုသည်။

Most read this week