ယာဉ်ကြောပိတ်ဆို့မှုနှင့် ကားပါကင် ပြဿနာများ အဆင်ပြေနိုင်ရန် အခမဲ့ ယာဉ်ရပ်နား စခန်း (၇) ခုကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အရာထမ်း တဦးက ပြောသည်။
ပုဇွန်တောင် မြို့နယ် ဗိုလ်တထောင် ဘုရားလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလ လမ်းကြား)၌ တခု၊ အထက် ပုဇွန်တောင် လမ်းမကြီးတွင် တခု၊ သိမ်ဖြူလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းကြားအထိ ပါဝင်မည့် ဗိုလ်ချုပ်လမ်း တွင် တခု၊ ဗို်လ်မြတ်ထွန်း လမ်းနှင့် သိမ်ဖြူလမ်းကြားတို့ ပါဝင်မည့် အနော်ရထာလမ်းတွင် တခုနှင့် ကုန်သည်လမ်း၊ ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းတို့တွင် တခုစီ ဆောက်လုပ်သွားမည် ဖြစ်သည်။
“အခမဲ့ ကား ပါကင်တွေကို လူနေအိမ်တွေနဲ့ လွတ်တဲ့ ကားလမ်းဘးမှာ လုပ်မှာ ဖြစ်တာကြောင့်လူနေအိမ် တွေနဲ့ အဆောက်အအုံတွေကို ဖျက်ဖို့ မရှိပါဘူး။ အခုလက်ရှိ ပုဇွန်တောင်မှာ စလုပ်နေပါပြီ။ အကုန်လုံးကို ဒီနှစ်ထဲပဲ ပြီးအောင် အကောင်အထည် ဖော်ဖြစ်ဖို့ များတယ်။ Free Car Parking နေရာတွေကို အခမဲ့ ကားပါကင် ဆိုပြီး တရားဝင် စာကပ်ပေးထားမှာပါ။ ယာဉ်အရေအတွက် ဘယ်လောက် ရပ်နားရမယ်ဆိုတဲ့ ကန့်သတ်မှုတော့ မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(လမ်းတံတား)မှ ဒု-ဌာနမှူး ဦးစည်သူလွင် က ဆိုသည်။
အခြားမြို့နယ်များ၌လည်း နေရာရှိပါက ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
“ကားပါကင် ပြဿနာက နေရာတိုင်းလိုလိုမှာ ကြံုတွေ့နေရတာ ကြာပါပြီ။ အခု ကားအသစ်တွေ ဝင်လာတော့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကားပါကင် လုံလောက်မှုမရှိတဲ့ ပြဿနာက ပိုကြံုလာရတယ်။ အခုလို အခကြေးငွေ ပေးစရာ မလိုတဲ့ ကားပါကင်တွေ ဆောက်လုပ်ပေးမယ်ဆိုတော့ အဆင်ပြေလာနိုင်တာပေါ့။ အမြန် အကောင်အထည်ဖော်နိုင်ဖို့ပဲ အရေးကြီးတယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ ဦးမောင်မောင် က ပြောသည်။
လက်ရှိတွင် ပုဂ္ဂလိက လုပ်ကိုင်နေကြသည့် ကားပါကင်များတွင် ယာဉ်တကြိမ် ရပ်နားခ ကျပ် ၁၅ဝ အနည်းဆုံးကောက်ခံနေပြီး ယာဉ်ရပ်နားမှု များပြားလေ့ရှိသည့် အချို့နေရာများတွင် ယာဉ်ရပ်နားမှုအား အချိန်ပိုင်း သတ်မှတ်၍ ယင်းအချိန်ထက် ကျော်လွန်ရပ်နားပါက ထပ်မံပေးဆောင်ရမှုများလည်း ရှိသည်။