မိုဘိုင်း ဖုန်းလိုင်းများအတွက် ဆက်သွယ်ရေး တာဝါတိုင်များနှင့် အင်တာနာများ တပ်ဆင်ရန် စီစဉ်နေချိန်တွင် ခေါင်မိုးပေါ်တွင် တပ်ဆင်သည့် အင်တာနာများမှ ထွက်ရှိသော ရေဒီယိုလှိုင်းများသည် ကင်ဆာဖြစ်စေသည် ဆိုသော ကောလဟလ ပြောဆိုမှုများက လုပ်ငန်းအတွက် အတားအဆီးတခု ဖြစ်နေကြောင်း သိရသည်။
လက်ရှိစာရင်းများအရ ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်းသုံးတဲ့သူ ၉ သိန်းခွဲကျော် ရှိနေပြီ ဖြစ်သည်။ တချိန်တည်း တွင် ဖုန်းလိုင်းအသံများ ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေခြင်းများက နိစ္စဓူဝ ကြံုနေကြရသည်။
ရန်ကုန်နှင့် မြို့ကြီးများတွင် နေရာနှင့် ကုန်ကျစားရိတ်ကြောင့် တာဝါတိုင်များအစား အဆောက်အဦခေါင်မိုး များပေါ်တွင် တပ်ဆင်သော မိုဘိုင်း Roof Top Antenna ဖုန်းလိုင်းကွန်ယက်များ ပိုမိုကောင်းမွန်လာစေရန် ကိစ္စအပေါ် ဆက်သွယ်ရေးက အိမ်ရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။
ဆက်သွယ်ရေးမှ ကျွမ်းကျင်သူများနှင့် ဆေးပညာရှင်များက မိုဘိုင်း Roof Top Antenna များမှ ထွက်သော လှိုင်းများသည် ဘေးဥပဒ် မပေးကြောင်း ရှင်းပြထားသော်လည်း စိုးရိမ်မှုက လူအချို့တွင် ရှိနေဆဲ ဖြစ်သည်ဟု အင်တာနာများ တပ်ဆင်မှုအတွက် ဆက်သွယ်ရေးမှ လွှဲအပ်ခြင်းခံထားရသော ခိုင်သစ္စာ ကုမ္ပဏီ၏ တာဝန်ရှိသူ တဦးက ပြောသည်။
မိုဘိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြီးခဲ့သည့် သြဂုတ် လအတွင်းက ကျင်းပခဲ့သည့် ဆက်သွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ခေါင်မိုးပေါ် အင်တာနာများမှာ လူများကို ဘေးဥပဒ် မရှိစေကြောင်း ပြောကြားခဲ့ဖူး သည်။
ထို့အပြင် မိုဘိုင်းဖုန်းများအတွက် ခေါင်မိုးပေါ် အင်တာနာများ တပ်ဆင်ခြင်းနှင့် ပတ်သက်၍လည်း ဆေးပညာ
ဆောင်းပါးများကို ပြည်တွင်းဂျာနယ်များတွင် ရေးသားသူ ဒေါက်တာ မြင့်ဦး (ဂျီပီ) ကလည်း “ကျနော်တို့ လေ့လာထားသလောက်၊ ရှာဖွေဖတ်ရှုထားသလောက် ပြောရမယ်ဆိုရင် အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်တဲ့ Roof Top Antenna တွေ က ရေဒီယိုလှိုင်း ထွက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလို မိုဘိုင်းဖုန်း တာဝါတိုင်တွေကြောင့် ကင်ဆာဖြစ်တယ် လို့တော့ မကြားဖူးသေးပါဘူး။ သူက ချက်ပြုတ်တဲ့ oven (ဖို)တွေက ထွက်တဲ့ ရေဒီယိုလှိုင်းနဲ့တူပါတယ်။ ပြီးတော့ခေါင်မိုးပေါ်က တာဝါတိုင်က လွှင့်တာက လူနဲ့ တိုက်ရိုက် ထိတွေ့မှာ မဟုတ်ပါဘူး။ ဆေးပညာ လောကမှာ အခုချိန်ထိတော့ ဒါကြောင့် ကင်ဆာဖြစ်တယ် ဆိုတာ မကြားမိသေးပါဘူး” ဟု ပြောသည်။
ရန်ကုန်မြို့ ၁၆ နေရာခန့်တွင် ခေါင်မိုးပေါ် အင်တာနာများ တပ်ဆင်ရန် လိုအပ်နေသည်ဟုလည်း မြန်မာ့ဆက် သွယ်ရေး အရာရှိတဦးက ပြောသည်။
ခေါင်မိုး အင်တာနာများ တပ်ဆင်ရန် နေရာရှာရခြင်းနှင့် ညှိနှိုင်းရများသည် ရန်ကုန်တွင် အခက်ခဲဆုံးဖြစ် သည်ဟု မိုဘိုင်းတာဝါတိုင် တပ်ဆင်ခြင်း လုပ်ကိုင်နေသည့် Elite Tech ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းခင်မောင်အေး က ပြောသည်။
“နေရာက တပ်ဖို့ လိုအပ်ပေမယ့် အခန်းရှင်နဲ့ ညှိမရလို့ တပ်လို့ မရတာလည်း ရှိပါတယ်။ ရေဒီယိုလှိုင်း လွှင့်တဲ့ ပြဿနာ ကို စိုးရိမ်ကြတာပါ။ ကျနော်တို့ကတော့ အိမ်ရှင်က လက်မခံဘူးဆိုရင်လည်း အဲဒီ Network (ကွန်ယက်)ထဲမှာရှိတဲ့နောက်တနေရာ ကြိုးစားရပါတယ်” ဟု ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်း ချဲ့ထွင်တပ်ဆင်မည့် စီမံကိန်းအရ မိိုဘိုင်းဖုန်းများ လိုင်းမိရေးကို လည်း ဦးစားပေး လုပ်ကိုင်ရမှာ ဖြစ်သလို ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ရ၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း ဖုန်းကိုင်လာနိုင်မည်ဟု ခန့်မှန်းထားကြသည်။