မှန်ကန်သော ပြည်သူ့အသံ သိနိုင်ရန်နှင့် သတင်းအမှားများကို လေ့လာဖြေရှင်းရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စုံစမ်းစစ်ဆေးရေး အခြေစိုက်ရုံးချုပ် ဖွင့်မည်ဟု ဦးသူရ (ဇာဂနာ) က ဆိုသည်။
အောက်တိုဘာလ ၁ဝ ရက်နေ့က စစ်တွေမြို့သို့ ဒေါက်တာ ဆလိုင်းဇွန်ထျန်းလျန်၊ ဒေါက်တာဦးအေးမောင်၊ ဦးထန်ကျင်ထောင်း၊ ဦးတင်မောင်သန်း၊ ဦးမြင့်ထွန်း၊ ဦးသူရကျော် တိုနှင့်အတူ ဒုတိယအကြိမ် ရောက်ရှိလာစဉ် ဦးသူရ က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ပဋိပက္ခများ နှင့် ရပ်တည်လျက်ရှိသော ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးရေး ပြည့်ပြည့်ဝဝ ရရှိရန် လိုအပ်နေမှုများနှင့် အခက်အခဲများ၏ အကြောင်းရင်းများကို သိရန်သေချာစွာ လေ့လာမည်ဟု ဆိုသည်။
စုံစမ်းရေးအဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်လေ့လာကာ လိုအပ်ချက် စကားသံများကို နားထောင်ပေးခဲ့သည်ဟု ဦးသူရ က ဆိုသည်။
“ကျနော် ကြားတာတော့ အများကြီးပဲ။ ဒါပေမယ့် ဘယ်ဟာမှန်တယ်၊ ဘယ်ဟာ မှားတယ်ဆိုတာကို စစ်ချပေးရမှာပါ” ဟု ဇာဂနာ က ပြောသည်။
၎င်းတို့အဖွဲ့က လုပ်ဆောင်မည့် အကြမ်းဖျင်းအစီအစဉ်များကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သမ္မတကြီးဆီသို့ တင်ပြပြီးလျှင် ပြည်သူများထံသို့ တရားဝင် ထုတ်ပြန်သွားပါမည်ဟုလည်း ဇာဂနာ က ပြောသည်။
အခြေစိုက်ရုံး ဖွင့်ပြီးသောအခါတွင် ရုံး၌ အဖွဲ့ဝင် လူကြီးများသည် ရခိုင်ပြည်နယ်တခုလုံး ငြိမ်းချမ်းရေးရသည့် အချိန်အထိိ နေမည်ဟု သိရသည်။
သမ္မတကြီး ပေးထားသော စည်းမျဉ်းအရ စုံစမ်း စစ်ဆေးရေးအဖွဲ့တွင် ကော်မတီ ၈ ခု ပါဝင်မည်ဖြစ်ပြီး သုတေသန လုပ်သူ ၃၆ ယောက် ပါဝင်မည်ဟု ဇာဂနာ က ဆိုသည်။ သုတေသနလုပ်သူများသည် ရခိုင်ပြည်နယ်အတွင်း ထွက်လာသော သတင်းများကို မှန်၊ မမှန် စစ်ဆေးကာ သတင်းအမှန်ကို ပြန်လည် ဖြေရှင်းနိုင်ရန် တာဝန်ယူသွားမည် ဖြစ်ပြီး ရုံးချုပ်် ဖွင့်ပြီးသောအခါတွင် စုံစမ်းစစ်ဆေးပြီး သတင်းအမှန်များကို ဝဘ်ဆိုက် နှင့် ဖေ့စ်ဘွတ်များတွင် တင်ပြသွားမည် ဟု သ်ိရသည်။
အခြေစိုက်ရုံးကို စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး ရှေ့တွင် ဖွင့်ရန် လျာထားပြီး လုံခြံုရေးအတွက်လည်း ဝန်ကြီးချုပ်နှင့်တကွ စစ်ဘက်၊ ရဲဘက်မှ တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။
အဖွဲ့၏ လုပ်ငန်းဆောင်တာများကို သီးခြားလွတ်လပ်စွာ ဆောင်ရွက်မည်ဖြစ်ပြီး ဒေသခံ နှစ်ဖက်လုံး၏ ပူးပေါင်းပါဝင်မှု မှာလည်း ယခုအချိန်ထိ အဆင်ပြေနေသည်ဟု အဖွဲ့ဝင် တဦးဖြစ်သူ ဦးတင်မောင်သန်း က ပြောသည်။
ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတ ကိုယ်တိုင် သြဂုတ်လ ၁၇ ရက်နေ့က ၂၇ ဦးဖြင့် ဖွဲ့စည်း တာဝန်အပ်နှင်းထားပြီး ငြိမ်းချမ်းရေးအတွက် ရေတိုရေရှည် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ကိုးကွယ်သည့် ဘာသာ မတူညီသော လူမျိုးစုများ အကြား ယှဉ်တွဲနေထိုင်ရေးနှင့် ဆောင်ရွက်သင့်သည် များကို သမ္မတထံသို့ ပြန်လည် တင်ပြရမည် ဖြစ်သည်။