OIC ရုံးဖွင့်မည့် ကိစ္စ မြို့ကြီးများ၌ ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေ

OIC ရုံးဖွင့်မည့် ကိစ္စ မြို့ကြီးများ၌ ကန့်ကွက် ဆန္ဒပြရန် စီစဉ်နေ
by -
မဇ္ဈိမ

မြန်မာနိုင်ငံတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ကြီး OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ လေ့လာ စောင့်ကြည့်ရေးရုံးများ လာရောက်ဖွင့်လှစ်မည်ကို ကန့်ကွက်သည့် အနေဖြင့် လူထုလူတန်းစား အလွှာအသီးသီးနှင့် သံဃာတော်များက မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။

နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးနှင့် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ အရ ရန်ကုန်နှင့် စစ်တွေမြို့ များတွင် OIC ၏ လေ့လာစောင့်ကြည့်ရေးရုံးများ လာရောက် ဖွင့်လှစ်မည့် ကိစ္စအပေါ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်မြန်ာပြည်ရှိ မြို့ကြီးများ၌ တပြိုင်တည်း ကန့်ကွက်ပွဲများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် တဦးက ပြောသည်။

“အဓိက ကတော့ မြန်မာနိုင်ငံမှာ OIC ရုံးစိုက်ပြီး Islamisation (အစ္စလာမ် လွှမ်းမိုးမှု) လုပ်မယ့် ကိစ္စကို ကျနော်တို့ ဘယ်လိုမှ လက်ခံလို့ မရဘူးဆိုတဲ့ သဘောထား တရပ်ကို တနိုင်ငံလုံး သာမက တကမ္ဘာလုံး သိအောင် ကျနော်တို့နိုင်ငံက ကျနော်တို့ သဘောထားကို ပြချင်တာပါ” ဟု ဗကသများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီဝင် တဦးလည်း ဖြစ်သည့် ကိုရဲမင်းဦး က မဇ္စျိမကို ပြောသည်။

ဆန္ဒပြပွဲများနှင့် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံ၊ မိတ္ထီလာ မြို့များအပြင် ပုသိမ်၊ စစ်တွေ၊ ပဲခူး၊ စစ်ကိုင်း၊ မော်လမြိုင်၊ ရေစကြိုနှင့် ပြည်မြို့တို့တွင် တနင်္လာနေ့ မွန်းလွဲ ၁ နာရီမှ တပြိုင်တည်း ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ လူစုလူဝေးဖြင့် တချိန်တည်း ဆန္ဒပြသည်ဟု ဆိုသော်လည်း ရဲစခန်းများအား အကြောင်း ကြားရုံသာ ပြုလုပ်ခဲ့ ပြီး ခွင့်ပြုချက် ရရှိရန် ခွင့်တောင်းစာ တင်ခဲ့ခြင်း မရှိ၍ အာဏာပိုင်များက အရေးယူလာလျှင်လည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ရင်ဆိုင် သွားမည်ဟု ကိုရဲမင်းဦး က ပြောဆိုသည်။

သို့သော်လည်း ဆန္ဒပြနေစဉ်အတွင်း သက်ဆိုင်ရာ ရဲစခန်းများက လုံခြံုရေး ယူပေးကြပါရန်လည်း မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက် နာယက ဆရာတော် အရှင် ဝီရသူ က ပန်ကြားထားသည်။

“သူတို့ ပထမ ဘုန်းဘုန်းတို့ဆီကို အကြောင်းကြားလာတာက တနင်္ဂနွေနေ့မှာ လုပ်ဖို့။ အဲဒီနေ့က သံဃာတွေ မအားဘူး။ အဲဒါကြောင့် တနင်္လာနေ့ကို ရွှေ့လိုက်တယ်။ သူ့နေရာနဲ့သူ လုပ်ကြမှာပါ။ အချိန်ကတော့ တချိန်တည်းပဲ” ဟု အရှင် ဝီရသူက မဇ္စျိမကို မိန့်ကြားသည်။

ဆန္ဒပြရန် စုရပ်အဖြစ် ရန်ကုန်မြို့အတွက် ရွှေတိဂုံဘုရား အရှေ ့ဘက်မုခ် ကြေးသွန်း ဘုရားကြီး အနီးတွင် သတ်မှတ် ထားပြီး အခြားမြို့နယ်များတွင်လည်း အထင်ကရ နေရာ များတွင် စုရပ်အဖြစ် သတ်မှတ်ထား ကြောင်း သိရှိရသည်။

ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်လျက် ရှိသော ရိုဟင်ဂျာများအား ထောက်ပံ့ကူညီရန်၊ ပြန်လည် နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် OIC အဖွဲ့ဝင် နိုင်ငံအချို့မှ ဒေါ်လာ ၂၅ သန်း ကောက်ခံရရှိထားပြီး နောက်ထပ်လည်း သန်း ၅၀ ကျော် ရရှိရန် ရှိနေကြောင်း သိရသည်။

အဆိုပါ အကူအညီများကို OIC က မူဆလင်များ အတွက်သာ ရည်ရွယ်ပြီး အခြား ဘာသာများအား အကူအညီိ ပေးမည် မဟုတ်ဘဲ မြန်မာအစိုးရကလည်း နိုင်ငံတကာ၏ ဖိအားများအား စိုးရိမ်၍ OIC အဖွဲ့အား လက်ခံထားခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မီတီက ယူဆသည်။

မကြာခင်က ပြုလုပ်ခဲ့ကြသည့် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ဆန္ဒပြပွဲများနှင့် စစ်တွေမြို့ အမျိုးသမီးများ ချီတက်ဆန္ဒပြပွဲများတွင်လည်း OIC ရုံး ဖွင့်လှစ်မည့်အရေးကို ကန့်ကွက်သည့် သဘောထားများ ပါရှိခဲ့သည်။