၈၈ တို့၏ မွန်ပြည်နယ် ငြိမ်းချမ်းရေး ပွင့်လင်းခရီး နိုဝင်ဘာမှာ စတင်မည်

၈၈ တို့၏ မွန်ပြည်နယ် ငြိမ်းချမ်းရေး ပွင့်လင်းခရီး နိုဝင်ဘာမှာ စတင်မည်
by -
မဇ္ဈိမ

ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ ၏ မွန်ပြည်နယ် ခရီးစဉ်ကို နိုဝင်ဘာလတွင် စတင်မည် ဖြစ်ကြောင်း ဦးဆောင်စီစဉ်သည့် ပွင့်လင်းကွန်ယက် (မွန်ပြည်နယ်) က ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်မည့် လေးရက်ကြာ ခရီးစဉ်အတွင်း မွန်ပြည်နယ်ရှိ ၁ဝ မြို့နယ်အနက် ၉ မြို့နယ် တွင် လူထုတွေ့ဆုံပွဲနှင့် ဟောပြောပွဲများ ပြုလုပ်သွားမည်ဟု ပွင့်လင်းကွန်ရက် (မွန်ပြည်နယ်) ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး တာဝန်ခံ ကိုကြည်ဇော်လွင် က ပြောသည်။

“ခရီးစဉ် ဆွဲရတာ အဆင်မပြေလို့ ချောင်းဆုံတော့ မပါဘူး။ ခရီးစဉ်တလျှောက်က ရွာတွေက စိတ်ဝင်စား တယ်ဆိုရင် ခဏလောက် ဝင်ပေးဖို့ နောက်တိုး အစီအစဉ် စဉ်းစားထားတာ ရှိတယ်” ဟု မဇ္စျိမကို ပြောသည်။

ခရီးစဉ်တလျှောက် ကျိုက်ထို၊ သိမ်ဇရပ် စံပြရွာရွာ၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့များတွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်သွားမည် ဖြစ်ပြီး မော်လမြိုင်မြို့ရှိ ကမ်းနားလမ်းဟိုတယ်တွင် လူထုဟောပြောပွဲ ပြုလုပ် သွားမည် ဖြစ်သည်။

ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ အပစ်ရပ်အဖွဲ့များ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ပြီး ကျိုက်မရောဘုရားနှင့် ကျိုက်ခမီ ရေလယ်ဘုရားသို့ ဝင်ရောက်ဖူးမြော်မည့် အစီအစဉ် လည်း ပါဝင်သည်။

ဒီမိုကရေစီ အကူးအပြောင်းကာလတွင် နိုင်ငံရေးပါတီများနှင့်အတူ အရပ်ဘက် လူ့အဖွဲ့အစည်းများ သည်လည်း မရှိမဖြစ် လိုအပ်ပြီး ပြည်သူလူထု တရပ်လုံး၏ တက်ကြွစွာ ပူးပေါင်း ပါဝင်လာနိုင်ရန်အတွက် ယခုခရီးစဉ်ကို စီစဉ်ရခြင်း ဖြစ်သည်ဟု စီစဉ်သူက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက် ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းရေး စသည်တို့ကို မတ်လကုန်ပိုင်းက စတင်လှုပ်ရှား ခဲ့သည်။

ကချင်၊ ကရင်၊ မွန် စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံကာ ပြည်တွင်း ငြိမ်းချမ်းရေး၊ အဓမ္မ လယ်ယာမြေ အသိမ်းခံရသည့် ကိစ္စများ ပူးပေါင်းဖြေရှင်း လုပ်ဆောင်သွားရန် သဘောတူခဲ့ကြပြီး တိုင်းနှင့် ပြည်နယ်အချို့တွင်လည်း ပွင့်လင်းလူအဖွဲ့အစည်း ဖြစ်ပေါ်ရေးအတွက် လူထုတွေ့ဆုံပွဲ များ လှည့်လည်ပြုလုပ်လျက် ရှိသည်။

Most read this week