ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ

ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ
by -
မဇ္ဈိမ

တလခန့်ကြာ ငြိမ်သက်နေခဲ့ရာမှ ဖားကန့်မြို့နယ်အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရတပ်များအကြား အင်္ဂါနေ့ နံနက်ပိုင်းက တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ကားမိုင်းဘက်မှ တက်လာသော အင်အား ၂၀၀ ကျော်ရှိ အစိုးရ စစ်ကြောင်းအား လုံးခင်း ကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာအနီး ဖားကန့်လမ်း၊ ပဇောက်ကွေ့တွင် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းမှ ဗိုလ်ကြီး လဒွဲ က ပြောသည်။ 

“သူတို့ အင်အားဖြည့်လာလို့ ပစ်ခတ်ကြတယ်။ သူတို့ တပ်ဖွဲ့က အရပ်သားတွေနဲ့ ရောပြီး တက်လာလို့ ကျနော်တို့ဒေသခံတွေ ထိမှာစိုးလို့ ပြန်ဆုတ်ပေးလိုက်တယ်”ဟု မဇ္စျိမကို ပြောသည်။ 

ထို့နောက် လုံးခင်းအခြေစိုက် အစိုးရတပ်ရင်း ၈၉ တပ်ဖွဲ့များနှင့် ကားမိုင်းမှ တက်လာသည့် အစိုးရစစ်ကြောင်းတို့ အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။ သို့သော် ယင်းကိစ္စ သီးခြား အတည်ပြုချက် မရသေးပါ။

ထို့အပြင် လုံးခင်း အထက်တန်းကျောင်း အနီးတွင် ထပ်မံ ဖြစ်ပွားခဲ့သဖြင့် တတိယတန်း ကျောင်းသားလေးတဦးနှာခါင်းတွင် ကျည်ဆံထိမှန်ခဲ့ပြီး အဖွားအို တဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိရကြောင်း ကက်သလစ်အသင်းတော်မှ တရားဟောဆရာ နော်ဂျာ က ဆိုသည်။ 

“ဒီမနက် ၆ နာရီလောက်ကနေ တိုက်ပွဲဖြစ်တာ ၉ နာရီခွဲဆို ငြိမ်သွားပြီ။ လက်နက်ကြီးသံလည်း ကြားရတယ်။
လောင်ချာလား ဘာလားမသိဘူး။ (မြို့အစွန်)အေဝမ်း ရပ်ကွက်က ထရံကာသွပ်မိုး အိမ်တလုံး ခေါင်မိုးပေါက်သွားတယ်။ သွပ်နဲ့ ကာထားတဲ့ ခြံက ၈ ချက် ရ ချက်လောက် ပေါက်သွားတယ်။ ခုနကပဲ ကျနော် သွားကြည့်ပြီးပါပြီ” ဟု ဆရာနော်ဂျာ က ပြောသည်။  

တလခန့်ကြာ အစိုးရတပ်နှင့် KIO တပ်ဖွဲ့များအကြား ပြင်းထန်သည့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့၍ ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းအတွင်း ခိုလှုံနေသူတချို့ ယခု လဆန်းပိုင်းမှ စတင်၍ နေရပ်သို့ ပြန်နေကြပြီ ဖြစ်သည်။ ယနေ့ဖြစ်ပွားသော တိုက်ပွဲကြောင့် စစ်ပြေး ဒုက္ခသည်များ ထပ်မံ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဆရာနော်ဂျာ က ဆိုသည်။ 

သို့သော် စစ်ပြေးဒုက္ခသည် အများစုမှာ စားသောက်ရေး အခက်အခဲများရှိနေပြီး နေရပ်ပြန်ရန် လုံခြံုစိတ်ချရမှု မရှိသေးပေ။ နေရပ်ပြန်သူများမှာလည်း လုပ်ကိုင် စားသောက်ရန် ခက်ခဲနေသည်ဟု ဗလခ ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်ဂျာရှန် က ပြောသည်။ 

“သုံးပုံ တပုံလောက်တော့ ပြန်နေပြီ။ ပြန်ရင်လည်း ဘာမှ လုပ်ကိုင်စားသောက်လို့ မရဘူး။ ရေမဆေး ကောက်ဖို့ကလည်း ကုမ္ပဏီတွေ မရှိတော့ဘူး။ ကျောက်တူးမယ်ဆိုရင်လည်း မိုင်းထိမှာ စိုးရိမ်နေကြတယ်။ တက်သွားဖို့လည်း ခက်၊ နေနေရင်လည်း ခက်ခဲ ဖြစ်နေတယ်။ တယောက်နဲ့တယောက် တောင်းစားနေကြတာ” ဟု မဇ္စျိမကို ပြောသည်။

ထိခိုက်မှုများ ဖြစ်ပွားလာပါက ဒေသခံများ၏ လုံခြံုရေးအတွက် နှစ်ဖက်တပ်များက အာမခံချက် မပေးနိုင်သဖြင့် အထိတ်တလန့်ဖြင့်သာ စာသင်ကျောင်းများ ဖွင့်လှစ်နေရသည်ဟုလည်း သူက ဆိုသည်။ 

အစိုးရတပ်များက အရပ်သားများနှင့်အတူ တက်လာ၍ အင်အားဖြည့်တင်းမှုများ ရှိသဖြင့် ယခုရက်ပိုင်း အတွင်းမြစ်ကြီးနား-ဖားကန့်လမ်းကို အမျိုးသားများအား KIO က ပိတ်ပင်ထားသည်ဟု ဗိုလ်ကြီး လဒွဲက ပြောသည်။  

ထိုသို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာသဖြင့် ဖားကန့်မြို့နယ်၊ ဂင်စီ ဒေသခံ ပြည်သူများအား သတိနှင့် နိုးကြားနေရန် KIO တပ်ရင်း ၆ တပ်ဖွဲ့များက သတိပေးလာကြောင်း “လုံးခင်း ငါးမိုင် ခြောက်မိုင်ဘက်မှာ တိုက်နေတယ်။ မနေ့ကလည်း ဖြစ်တယ်။ ဒီမနက်လည်း ထပ်ဖြစ်နေတယ်။ သတိနဲ့နေဖို့၊ ပစ္စည်းတွေလည်း အဆင်သင့် ပြင်ထားဖို့ ပြောလာတယ်။ ခုနပဲ ဖုန်းဆက်လာတယ်” ဟု ဂင်စီကျေးရွာမှ ဒေသခံတဦးက ပြောသည်။