တရားရုံးတွင် စစ်ဆေးနေဆဲ ဆုံးဖြတ်ချက် မချမှတ်မီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခဲ့သည့် စွပ်စွဲချက်ဖြင့် အပတ်စဉ်ထုတ် ‘ပြည်မြန်မာ’နှင့် ‘Messenger’ ဂျာနယ် နှစ်စောင်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားစွဲဆိုလိုက်သည်။
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲလက်မှတ်တချို့ပေါ် ဖယောင်းသုတ် သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲ ကော်မရှင်ထံ သတင်းပို့ တိုင်ကြားခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ မမှန်မကန် သတင်းပေးမှုဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးဉာဏ်ဝင်း အား တရားစွဲဆိုထားသည်ကို ၎င်းဂျာနယ် နှစ်စောင်က ရေးသားဖော်ပြ ချက်များသည် တရားရုံးအားမထီမဲ့မြင် ပြုမှု ပုဒ်မ ၃ နှင့် ငြိစွန်းနေ၍ အောက်တိုဘာလ ၂ ရက်နေ့က ၎င်းဂျာနယ်များအား တရားစွဲဆိုလိုက်ခြင်းဖြစ် ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။
“တရားရုံးတခုခုမှာ အမှုရှိနေရင် အဲဒီအမှုနဲ့ပတ်သက်ပြီးတော့ ဘယ်သူက အပြစ်ကျုးလွန်တယ်၊ ဘာဖြစ်တယ် ဆို တာ ရေးခွင့် မရှိဘူး။ အဲဒီလိုရေးရင် တရားရုံးကို မထီမဲ့မြင်လုပ်ရာ ရောက်တယ်။ အဆုံးအဖြတ်မပြုရဘူး လေ။ အဲဒါကို အပြစ်ရှိကြောင်း၊ ဘယ်သူက မှားကြောင်း သူတို့ရေးနေတဲ့ ဆောင်းပါးတွေက ဒါတရားရုံး ကို မထီမဲ့မြင်ရောက်တယ်လို့ တရားစွဲတာပါ” ဟု မဇ္စျိမကို ပြောသည်။
စက်တင်ဘာလအတွင်းက ထုတ်ဝေသော Messenger ဂျာနယ်တစောင်တွင် ‘ကို’ ရေးသားထားသော ဆောင်းပါး တပုဒ်တွင် ထိုသို့ ဥပဒေနှင့် ငြိစွန်းစွာ ရေးသားထားခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်း က ဆိုသည်။
ဦးဉာဏ်ဝင်းကို မမှန်သတင်းပေးပို့မှု ပုဒ်မ ၁၈၂ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇမ္ဗူသီရိမြို့ နယ် တရားရုံးတွင် ဇွန်လအတွင်းက တရားစွဲဆိုခဲ့ရာ အောက်တိုဘာလလ ၂ ရက်နေ့ကနေပြည် တော်တရား လွှတ်တော် ရုံး၌ သက်သေ တဦးအား စစ်ဆေးခဲ့ပြီး ၁၆ ရက်နေ့သို့ ထပ်မံ ချိန်းဆို ထားသည်ဟု သိရှိရသည်။
တရားရုံးအား မထီမဲ့မြင်ပြုပြုမှုဖြင့် ဦးဉာဏ်ဝင်း က တရားစွဲဆိုခြင်း ခံရသော ပြည်မြန်မာ ဂျာနယ်အနေဖြင့် ဥပဒေဘောင်အတွင်းမှ ပြန်လည် ရင်ဆိုင်သွားမည်ဟု တာဝန်ခံ အယ်ဒီတာ ဦးဇင်ဟိန်း က ပြောဆိုလိုက်ပြီး ၎င်းတို့ရေးသားထားချက်သည် မှားယွင်းသည်ဟု မယူဆကြောင်း သူက ဆိုသည်။
“ကျနော့်သတင်းမှာက သူ့ကို (ဦးဉာဏ်ဝင်း)ကို စစ်ဆေးနေတယ်၊ ဒီမှာ ရေးထားတဲ့ စာသားတွေက သူ့ကို စစ်ဆေးနေတာပေါ့နော်။ ပြစ်မှုထင်ရှားလျှင် ပြစ်ဒဏ် ဘယ်လောက် ဆိုတာ အဲဒီဟာလေးပါ။ မှတ်ချက်လေး ရေးထားတာပေါ့နော်။ အကောင်း ဘက်ကတော ့ရေးပြနေတာပဲ။ အပြုသဘောမျိုးနဲ့ ရေးထားတာပါပဲ”ဟု မဇ္စျိမကို ပြောသည်။
ဇူလိုင်လအတွင်း ထုတ်ဝေခဲ့သည့် ပြည်မြန်မာဂျာနယ်၏ သတင်းရေးသား ဖော်ပြချက်တွင် ဦးဉာဏ်ဝင်းအနေ နှင့်ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ခြောက်လ သို့မဟုတ် ငွေဒဏ် ချခံရနိုင်ကြောင်း မှတ်ချက်အဖြစ်ရေးသား ဖော်ပြခဲ့မှု အပေါ် တရားစွဲဆိုခြင်း ဖြစ်နိုင်ကြောင်း ဦးဇင်ဟိန်း က ယူဆသည်။
Messenger ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် ကမူ မည်သည့် အကြောင်းကြောင့် တရားစွဲဆိုသည် ကို မသိရသေးကြောင်း မဇ္စျိမကို ပြောသည်။
“ခက်တာက ကျနော်တို့ကို တရားစွဲမယ်လို့ ပြောထားတယ်။ တရားရုံးက ဆင့်ခေါ်စာ မရောက်သေးပါဘူး။ ဘယ်သတင်းကြောင့်၊ ဘယ်ဆောင်းပါးကြောင့်ဆိုတာ ကျနော်တို့ ကိုယ်တိုင် မသိရသေးဘူး။ ကျနော်တို့အနေနဲ့ ရင်ဆိုင်ဖို့ပဲ ရှိတယ်” ဟု ဦးသူရအောင် က ပြောသည်။
၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ကလည်း Monitor ဂျာနယ် ထုတ်ဝေသူ ဦးလှမြင့်ဆွေ၊ အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ဦးအောင်ဆန်းဦး တို့အား တရားရုံး မထီမဲ့မြင်ပြုမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခဲ့ဖူးသည်။ မပြီးပြတ်သေးသည့် အမွေဘုံပစ္စည်း စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ Monitor ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခြင်းတွင် ဦးအောင်ဆန်းဦး ဖြေကြားခဲ့သည့်အပေါ်စွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံးမှ ဂျာနယ်အား ဒဏ်ငွေ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ဦးဉာဏ်ဝင်း၏ ပြောပြချက်အရ သိရသည်။