မွန်ပြည်နယ်၊ မော်လမြိုင် အကျဉ်းထောင်တွင် ပြစ်ဒဏ်များ ချမှတ်ခံထားရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၂ ဦးအနက် ၄၃ ဦးကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဗုဒ္ဓဟူးနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။
“မနေ့က မနက် ၆ နာရီခွဲလောက်မှာ လွှတ်ပေးလိုက်တယ်။ အခုလွှတ်လိုက်တာက ပထမ အသုတ်၊ နောက်ထပ် လွှတ်ပေးဖို့ ရှိသေးတယ်” ဟု မော်လမြိုင် အကျဉ်းထောင်နှင့် နီးစပ်သူ ကိုမင်းထွန်း က မဇ္စျိမကို ပြောသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် စက်လှေဖြင့် ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်စဉ် စက်ချွတ်ယွင်းမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း ရေးမြို့နယ်၊ ခေါဇာ မြို့နယ်ခွဲ၊ ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ ဆိုက်ကပ်ရာမှ ဖမ်းဆီးခံရကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ် တရားရုံးမှ ဇွန်လ ၁၉ ရက်နေ့က ထောင်ဒဏ် တနှစ်စီ ချမှတ်ပြီး မော်လမြိုင် အကျဉ်းထောင်သို့ အပို့ခံရသူများ ဖြစ်သည်။
စက်တင်ဘာလ ၁၇ ရက်နေ့ သမ္မတက ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းခွင့်တွင် အကျဉ်းသား ၅၁၄ ဦးပါ၀င်ပြီး လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို မော်လမြိုင်ထောင်မှတဆင့် ရွှေစင်စင်္ကြာ မော်တော်ယာဉ်ဖြင့် ပဲခူးတိုင်း၊ ပြည်ထောင်သို့ ပို့ဆောင်ခဲ့ရာ နေ့လည်ပိုင်းတွင် ပဲခူးမြို့သို့ ရောက်ရှိပြီး မွန်းလွဲ တနာရီခန့်တွင် ကားပြောင်းကာ ပြည်သို့ ထွက်ခွာသွားခဲ့သည်ဟု မျက်မြင်တဦး ဖြစ်သည့် ပဲခူး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုဂျမား က ပြောသည်။
ပဲခူးတိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ အကြောင်းကြားမှုဖြင့် လွတ်မြောက် လာသည့်အကျဉ်းသားများ အား ပဲခူးမြို့ရှိ အစ္စလာမ် ဘာသာရေးအဖွဲ့က အကူအညီ ပေးခဲ့သည်ဟုလည်း သူက ပြောသည်။
“စားရေး သောက်ရေး အခက်အခဲ ရှိတယ် ဆိုတဲ့အကြောင်း၊ ကူညီနိုင်ရင် ကူညီပေးပါ ဆိုပြီး ပဲခူးမှာ ရှိတဲ့ အစ္စလာမ် သာသနာကို လှမ်းပြီး အကြောင်းကြားတယ်။
သူတို့ကလည်း လက်ခံတယ် ဆိုတော့ ကျနော်တို့ကလည်း ထမင်းဗူး၊ ရေသန့်ဗူးတွေကို ကူညီပေးပါတယ်” ဟု ကိုဂျမား က ပြောသည်။
၎င်းတို့ကို ပြည်မြို့ အကျဉ်းထောင်တွင် သုံးရက်ကြာ ထားရှိမည် ဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့မှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ၏ စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းခွင့်ဖြင့် လွတ်မြောက်လာသည် အကျဉ်းသား ၅၁၄ ဦး အနက် ၃၉၉ ဦးမှာ နိုင်ငံခြားသားများ ဖြစ်ပြီး လဝက ပုဒ်မ ၁၃ (၁) ဖြင့် ထောင်ချခံရသူများ ဖြစ်ကာ အများစုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်ကြသည်။
မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ကော့သောင်း အကျဉ်းထောင်တွင် ဖမ်းဆီး ထောင်ချခံနေရသည့် ထိုင်းနိုင်ငံသား ၉၂ ဦးအနက် ၈၃ ဦးလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် လေးကြိမ် ထုတ်ပြန်ခဲ့ရာ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင်အကျဉ်းသား ၆၆၅၆ ဦး၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ၆၅၁ ဦး၊ ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ တွင် ၈၃ ဦးနှင့် ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ၅၁၄ ဦး ပါဝင်သည်။