ဆိုးသွမ်းပရိသတ်ကြောင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် လုံခြံုရေး ပိုမိုတင်းကြပ်မည်

ဆိုးသွမ်းပရိသတ်ကြောင့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် လုံခြံုရေး ပိုမိုတင်းကြပ်မည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFC U-22 ချန်ပီယံရှစ် ဘောလုံးပွဲတွင် ပရိသတ်အချို့၏ ဆိုးသွမ်းသည့် အားပေးမှုကြောင့် ဒဏ်ငွေဆောင်ခဲ့ရသော မြန်မာ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် လုံခြုံရေးများ ပို၍ တင်းကြပ်သွားမည် ဟုဆိုသည်။

suzukicup2012

ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ကျင်းပခဲ့သော U-22 ပွဲစဉ်များတွင် မီးရှူးမီးပန်းများ ထွန်းညှိအားပေး သည့် ပရိသတ်များနှင့် ကြုံတွေ့ခဲ့ရပြီး ဒေါ်လာ ၂၈,ဝဝဝ ဒဏ်ရိုက်ခံခဲ့ရသည်။

လာမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် မီးရှူးမီးပန်းများကို ကွင်းအတွင်း ယူဆောင်လာခြင်း မရှိစေရန် အဓိက စစ်ဆေး သွားမည်ဖြစ်ပြီး ရဲလုံခြုံရေးအင်အားကို U-22 ပွဲစဉ်ကထက် ပိုမိုချထားရန် ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေသည်။

“U-22 ပွဲစဉ်တုန်းက လုံခြုံရေးယူတဲ့ ရဲအရာရှိတွေကတော့ အမျိုးသမီးတွေ၊ ကားတွေမှာ မီးရှူးမီးပန်းတွေ ပါလာတယ် လို့ ပြောကြပြီး လာမယ့် ဆူဇူကီးဖလား ခြေစစ်ပွဲမှာ အမျိုးသမီးတွေရော ကားတွေကိုပါ သေသေချာချာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ရဲအင်အား ဘယ်လောက်သုံးမယ်ဆိုတာ အတိအကျ ပြောလို့မရ ပေမယ့် U-22 ပွဲစဉ်တုန်းက သုံးခဲ့တဲ့ ရဲအင်အား ၁,၄၀၀ ထက်တော့ ပိုမှာ သေချာပါတယ်” ဟု ဘောလုံးအဖွဲ့ချုပ်၊ လုံခြုံရေးဌာနမှ ဒါရိုက်တာ ဦးအေးချို က မဇ္စျိမကို ပြောသည်။

ဆိုင်းဘုတ်တွေ စိုက်ထူပြီး ပရိသတ်တွေကို အသိပေးသွားမှာပါ။ ပရိသတ်အများကြီးထဲက အနည်းငယ် ကပဲ အဲဒီလိုလုပ်နေကြတာဆိုတော့ အဲဒီလူအနည်းငယ်ကပဲ ပြုပြင်စေချင်တယ်” ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ဆူဇူကီးဖလား ခြေစစ်ပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အောက်တိုဘာလ ၅ ရက်နေ့မှ စတင် ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များ အဝင်အထွက် လွယ်ကူစေရန် ကွင်းဝင်ပေါက်များကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

သုဝဏ္ဏကွင်းတွင် ဂိတ်ပေါက်ကြီး ရှစ်ပေါက် ရှိပြီး ဂိတ်ပေါက် ၁ နှင့် ၃ မှ လွဲ၍ ကျန်သည့် ဂိတ်ပေါက်အားလုံးကို ဖွင့်ထားပေးမည်ဖြစ်ကြောင်း ကွင်းရုံတာဝန်ခံ ဦးဇော်လင်း က မဇ္စျိမကို ပြောသည်။

“ဂိတ် ၂ တခုတည်းမှာတင် ဝင်ပေါက် ၁၆ ခု ရှိတယ်။ MNL ပွဲတွေတုန်းက ၄ ပေါက်ပဲ ဖွင့်ပေးခဲ့ပေမယ့် ဆူဇူကီးပွဲမှာ တော့ ၁၆ ပေါက်လုံး ဖွင့်မယ်။ အားလုံးပေါင်း ဝင်ပေါက် ၃၂ ခုလောက် အသုံးပြုသွားမှာ ဖြစ်ပြီး ဝင်ပေါက်တခုကနေ တမိနစ်ကို လူ ငါးယောက်လောက် ဝင်လို့ရတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဂိတ် ၄ ကို VIP ဝင်ပေါက်အဖြစ် အသုံးပြုလျက်ရှိပြီး ဂိတ် ၅ ကိုမူ မီဒီယာများနှင့် လုံခြုံရေး တာဝန်ရှိ သူများဝင်ရန် သတ်မှတ်ထားသည်။

Most read this week