ကိုရီီးယား စေတနာ့ဝန်ထမ်း ကွန်ဖရင့် ရန်ကုန်တွင် ကျင်းပမည်

ကိုရီီးယား စေတနာ့ဝန်ထမ်း ကွန်ဖရင့် ရန်ကုန်တွင် ကျင်းပမည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံသို့ စေတနာ့ဝန်ထမ်း ဆောင်ရွက်ရန်အတွက် ကိုရီးယားနိုင်ငံမှ စေလွှတ်ထားသော စေတနာ့ဝန်ထမ်းများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ KOV conference (Korea Oberseas Volunteers Conference) ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ကိုရီးယား အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကိုရီးယား ပူးပေါင်းဆောင်ရွက်မူ အေဂျင်စီ (Koica) မှ တဆင့် နိုင်ငံတကာသို့ စေတနာ့ဝန်ထမ်းများ စေလွှတ်လျက်ရှိပြီး အစိုးရ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်စေ သည်။

မြန်မာနိုင်ငံတွင်မူ ဝန်ကြီးဌာန ၁၀ ခု၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကိုရီးယား စေတနာ့ဝန်ထမ်း ၁၅ ဦး ရှိသည်။

“Koica ရုံးရှိတဲ့ နိုင်ငံတိုင်းမှာ နှစ်စဉ် ကွန်ဖရင့်လုပ်ကြပါတယ်။ KOV နဲ့ အလုပ်လုပ်ဖူးတဲ့ ဝန်ကြီးဌာနတွေ ကိုကျတော့ ပြီးခဲ့တဲ့ နှစ်တွေက ရလဒ်တွေကို ရှင်းပြမယ်။ လုပ်ငန်းစဉ်တွေကို ပြောမယ်။ မလုပ်ဖူးသေးတဲ့ ဝန်ကြီးဌာနတွေကိုကျ တော့ KOV လိုချင်ရင် တောင်းလို့ရတယ် ဆိုတဲ့အကြောင်းကို အသိပေးမှာ။ KOV ဆိုတာဘာလဲ။ သူတို့အတွက် ဘယ်လိုအကျိုးရှိမလဲ။ ဘယ်လိုလူတွေလဲ ဆိုတာကို ပြောမှာ” ဟု မြန်မာနိုင်ငံဆိုင်ရာ Koica မှ ကိုမျိုးမြတ်ထန်းက မဇ္စျိမကို ပြောသည်။

အဆိုပါ စေတနာ့ဝန်ထမ်းများကို ခေါ်ယူထားသည့် ဝန်ကြီးဌာနများတွင် ပညာရေး၊ အားကစား၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ မွေးမြုရေးနှင့် ရေလုပ်ငန်း၊ သစ်တာ၊ လူ/ပြန်/ကယ်၊ စက်မူနှင့် သိပ္ပံ နည်းပညာဝန်ကြီးဌာနတို့ ပါဝင်သည်။

ကိုရီးယား စေတနာ့ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ ၂ နှစ်အထိ တာဝန် ထမ်းဆောင်နိုင်ကြပြီး တာဝန် ထမ်းကာလ ပြီးဆုံးချိန်တွင် ဒေါ်လာ ၃၀,၀၀၀ တန် ပရောဂျက် တခု စီမံဆောင်ရွက်ခွင့် ရှိပြီး ကုန်ကျငွေကို ကိုရီးယား အစိုးရက ကျခံပေးကြောင်း သိရသည်။