ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက် အုပ်စု(၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိန် အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်းစစ်ဆေး အရေးယူပေး ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ ဖခင်ဖြစ်သူက တနင်္လာနေ့တွင် တိုင်ကြားလိုက်သည်။
စက်တင်ဘာလ ၁၃ ရက်နေ့က မဂျာဆိုင်းအိန် ကျောင်းမှ အပြန်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များအချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု စွပ်စွဲထားပြီး ကော်မရှင်မှ စုံစမ်းစစ်ဆေးပေးရန် သေဆုံးသူ ၏ ဖခင် ဦးဘရန်ရှောင် က တင်ပြလိုက်ခြင်း ဖြစ်သည်။
“တိုက်ပွဲ ဖြစ်ပွားချိန်မှာ ကျနော့်သမီးကို အစိုးရတပ်တွေက ပြည်သူတွေကို ကာကွယ်မယ့်အစား ရန်သူလို ပစ်ခတ်ခဲ့ တာတွေ ရေးထားတယ်။ နောက် ကျနော့်သမီးကို ပစ်တဲ့သူကို ဖော်ထုတ်ပြီးတော့ အရေးယူပေးဖို့ပါ” ဟု သေဆုံးသွားသူ၏ ဖခင် ဦးဘရန်ရှောင် က ပြောသည်။
အင်အား ၈ဝ ခန့်ပါဝင်သော ခလရ ၃၈၉ စစ်ကြောင်းသည် အခင်းဖြစ်ပွားသည့်နေ့က မှော်ဝမ်းရပ်ကွက်တွင် နားနေပြီး ညနေပိုင်း ၄ နာရီချိန်တွင် ဖားကန့်မြို့သို့ အထွက် ပေါက်ကွဲသံကြားသဖြင့် ၎င်းတပ်ဖွဲ့များက ယင်းကျေးရွာ အတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ပေါက်ကွဲသံကြောင့် အစိုးရ စစ်ကြောင်းတပ်ဖွဲ့များက ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်များဟု ထင်မှတ်ကာ ပစ်ခတ်ခဲ့သဖြင့် ဖားကန့်ဗျူဟာကုန်းပေါ်ရှိ တပ်များကလည်း ပြန်လည် ပစ်ခတ်ခဲ့ရာ အချင်းချင်း ပစ်ခတ်နေ ခြင်းသာ ဖြစ်နေကြောင်း ဖားကန့်မြို့ခံများက မဇ္စျိမကို ပြောပြခဲ့သည်။ ယနေ့ တိုင်ကြားလိုက်သော စာတွင်လည်း ထိုကဲ့သို့ ထပ်မံ ရေးသားထားသည်။
အခင်းဖြစ်ပွားသည့်နေ့က မဂျာဆိုင်းအိန်နှင့်အတူ ဆရာမ ဒေါ်နန်ဆန့်နှင့် ကျောင်းသူ မဆိုင်းမိုင်၊ မရွယ်နူး၊ မဂျာဘောက်လုနှင့် မဂျာမွန်းမိုင်တို့ လေးဦးတို့က ကျောင်းမှ အပြန်တွင် ပစ်ခတ်သံများကြောင့် လမ်းဘေး တနေရာတွင် ပုန်းအောင်းနေစဉ် အားလုံးထွက်လာရန် ခြိမ်းခြောက်သဖြင့် ထွက်လာစဉ် မဂျာဆိုင်းအိန်၏ နောက်တင်ပါး အောက်တွင် ကျည်ဆံ ထိမှန်ခဲ့ဖြစ်သည်ဟု ဦးဘရန်ရှောင် က ပြောသည်။
“စစ်ကြောင်းမှူး ဇော်မင်းသန့်ကို ကျနော့်သမီးကို ဆေးရုံအမြန်ဆုံး ပို့ချင်တယ်လို့ ပြောတော့ သူက အခုတော့ မရဘူး။ ငါတို့ စစ်ကြောင်းထွက်တဲ့ အချိန်မှ ပို့လိုက်ပါပြောလို့ ကလေးက ဒဏ်ရာရပြီး သုံးနာရီလောက်ကြာမှ ဆေးရုံ ရောက်သွားတာ။ ရောက်တာနဲ့ သွေးနှစ်ပုလင်း သွင်းပြီး သုံးပုလင်းမြောက်မှာ ခွဲစိတ်နေတုန်း သေဆုံးသွား တယ်” ဟု မဇ္စျိမကို ပြောသည်။
လူ့အခွင့်အရေး ကော်မရှင်ထံ လိပ်မူ၍ ပေးပို့ခဲ့သည့် တိုင်ကြားစာ မိတ္တူကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ထံ အမြန်ချောပို့ဖြင့် ပေးပို့လိုက်သည်ဟု ဦးဘရန်ရှောင်က ဆိုသည်။
လူ့အခွင့်အရေး ကော်မရှင်ကမူ အဆိုပါ မေတ္တာရပ်ခံစာ ယနေ့ထိ လက်ခံ မရရှိသေးသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရဌာနဆိုင်ရာများ လုပ်ဆောင်မှုအပေါ် မူတည်၍ ကော်မရှင်အနေဖြင့် ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း အတွင်းရေးမှူး ဦးစစ်မြိုင် က ပြောသည်။
“ဒီကျောင်းသူသေဆုံးမှုက အင်တာနက်တွေမှာတော့ တွေ့ပါတယ်။ ဒီဥစ္စာက ဌာနဆိုင်ရာရဲ့ တာဝန်ရှိမှုပေါ့။ ဌာနဆိုင်ရာက ဘယ်လို ဆောင်ရွက်သလဲဆိုတာကို ကျနော်တို့က စောင့်ကြည့်တယ်။ သူတို့ဘက်က လုံလောက်တဲ့ ဆောက်ရွက်မှု မလုပ်ဘူး ဆိုရင်တော့ ကျနော်တို့ ဝင်ရတာပေါ့” ဟု မဇ္စျိမကို ပြောသည်။
၎င်းကော်မရှင်က ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြစ်ကြီးနားမြို့သို့ သွားရောက်၍ လူ့အခွင့်အရေး ချိုးဖောက် မှုများကို စုံစမ်းခဲ့ရာ အစိုးတေပ်ဖွဲ့နှင့် KIO တို့ နှစ်ဖွဲ့လုံးမှ ချိုးဖောက်မှုများ ရှိနေသည်ဟု ကြေညာချက် ထုတ်ပြန် ခဲ့သည်။
လက်ရှိ ဖားကန့်မြို့နယ်တွင် သုံးပတ်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့သော်လည်း အစိုးရတပ်ဘက်မှ အင်အားတိုးမြင့်မှုများ ပြီးခဲ့သည့်ပတ်က ရှိခဲ့သည်ဟု KIO တပ်မဟာ ၆ ရှေ့တန်းတပ်မှ အရာရှိ တဦးက ပြောသည်။
ထိုသို့ အစိုးရဘက် စစ်ရေးလှုပ်ရှားမှုများ ရှိနေသေး၍ ဖားကန့်မြို့ပေါ်ရှိ စစ်ပြေး ဒုက္ခသည် ၈,ဝဝဝ ကျော်မှာ မိမိနေရပ်သို့ ပြန်ရန် စိုးရိမ်မှုများ ရှိနေသေးကာ ဒုက္ခသည် စခန်းများတွင်သာ ဆက်လက် နေထိုင်နေကြသည်။