ခြေစမ်းပွဲများ ကစားရန်အတွက် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ့ လက်ရွေးစင် အသင်းသည် စက်တင်ဘာလ ၂၃ ရက်နေ့က ဂျေလိဂ် (၁) ကလပ် ဆီရီဇို အုုဆာကာ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၃-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး ဒုတိယအကြိမ် ဂိုုးပြတ်ဖြင့် ရှုံးခြင်းလည်း ဖြစ်သည်။
စက်တင်ဘာ ၂၀ ရက်နေ့က ကစားခဲ့သော ဂျေလိဂ်ကလပ် အိုကိုရာမာအသင်းနှင့် ပွဲတွင် ၆-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သေးသည်။
ဂျပန်ကလပ်အသင်းများမှာ မြန်မာအသင်းထက် ဘောလုံးကျွမ်းကျင်မှု၊ လျှင်မြန်မှုနှင့် နည်းစနစ် ပိုင်းများတွင် များစွာ သာလွန်နေသည့်အတွက် မြန်မာအသင်းအနေဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ မီဒီယာတာဝန်ရှိသူများက သုံးသပ်သည်။
မြန်မာအသင်း၏ နည်းပြချုပ် ပတ်ဆောင်ဟွာ အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် ခြေစမ်းမည့် ခရီးစဉ်အတွက် တိုက်စစ်မှူး ရန်ပိုင်နှင့် စိုးမင်းဦးတို့မှ လွဲ၍ မြန်မာ နေရှင်နယ်လိဂ်၏ အကောင်းဆုံး ကစားသမား ၂၅ ဦးကို ရွေးချယ် ခေါ်ယူသွားခဲ့သော်လည်း ရလဒ်များမှာမူ ကျေနပ်ဖွယ်အနေအထား တခုအထိ စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။
“ကျနော်တို့အသင်းနဲ့ ဂျပန်အသင်းကြားမှာ ကွာခြားချက်တွေ အများကြီးရှိပါတယ်။ ကျနော်တို့မှာ လိုအပ်နေတာက လေ့ကျင့်ပြင်ဆင်မှုနဲ့ ပြင်းပြင်းထန်ထန် အားထုတ်မှုပါ။ သူတို့လို အဆင့်မျိုး ရောက်ဖို့ဆိုရင် လေ့ကျင့်မှုနဲ့ကြိုးစားအားထုတ်မှုကို အခုထက်ပိုပြီး လိုအပ်ပါတယ်” ဟု မြန်မာ့ လက်ရွေးစင်အသင်း၏ အသင်းမန်နေဂျာ ဦးသန်းတိုးအောင်က ဆိုသည်။
လက်ရှိခြေစမ်းပွဲ နှစ်ပွဲ ကစားပြီးချိန်အထိ မြန်မာအသင်း၏ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးဘဲ တိုက်စစ်မှူး များအဖြစ် ပတ်ဆောင်ဟွာ ရွေးချယ် ခေါ်ယူသွားသည့် ကောင်းစည်သူ၊ ရာဇာဝင်းသိန်းနှင့် ကျော်ဇေယျာဝင်းတို့မှာ ဂိုးပေါက်ပျောက် လျက်ရှိသည်။
ဒဏ်ရာရရှိထားသော တိုက်စစ်မှူး ကျော်ကိုကို ဂျပန်ခရီးစဉ်သို့ လိုက်ပါသွားခဲ့သော်လည်း ၎င်းမှာ ခြေစမ်းပွဲများတွင် ပါဝင််ကစားနိုင်ခြင်း မရှိသေးပေ။
“မြန်မာအသင်းအနေနဲ့ လိုအပ်ချက်တွေ အများကြီးပဲ။ တဦးချင်းရော၊ အသင်းလိုက် ပိုင်းမှာရော၊ ကစားကွက်ပိုင်းနဲ့ နားလည်မှုပိုင်းမှာရော လိုအပ်ချက်တွေ ရှိနေသေးတယ်” ဟု ကျော်ကိုကိုက မဇ္စျိမ ကိုပြောသည်။
မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ခန်းဆဲအိ တက္ကသိုလ် လက်ရွေးစင်အသင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗစ်ဆဲလ် ကိုဘေး ယူ-၁၈ အသင်းတို့နှင့် ခြေစမ်းပွဲများ ဆက်တိုက် ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသည်။