ကြေးနီစီမံကိန်းရပ်ရန် ဆန္ဒပြသည့် ဝက်မှေးရွာသူတို့ကို ပြန်လွှတ်ပြီ

ကြေးနီစီမံကိန်းရပ်ရန် ဆန္ဒပြသည့် ဝက်မှေးရွာသူတို့ကို ပြန်လွှတ်ပြီ
by -
မဇ္ဈိမ

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ပေးရန်နှင့် သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ သုံးဦးကို မုံရွာ အကျဉ်းထောင်မှ သောကြာနေ့ညနေတွင် ပြန်လည်လွှတ်ပေးလိုက်ပြီဟု မုံရွာသို့ သွားရောက်သတင်းယူနေကြသည့် မဇ္ဈိမ သတင်းထောက်များက သတင်းပေးပို့သည်။

ဝက်မှေးရွာသူ/သားများအား NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နှင့်အတူ မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ)

အဆိုပါ ဝက်မှေးရွာသူ သုံးဦးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ မုံရွာ ဗကသ ကျောင်းသား အဖွဲ့ဝင်များ နှင့် ဝက်မှေးရွာသူရွာသားများ၊ မုံရွာ NLD အဖွဲ့ဝင်များက ဝက်မှေးရွာသို့ ကားဖြင့် ပြန်လည်ပို့ ဆောင်နေပြီဟုလည်း သတင်းထောက်များက သတင်းပေးပို့သည်။

စက်တင်ဘာ ၁ဝ ရက်နေ့တွင် ဆန္ဒဖော် ထုတ်သူ ၁၂ ဦးကို ဖမ်းဆီးခဲ့ပြီး  ယင်းနေ့ ညနေ ၄ နာရီတွင် ၉ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ ကျန်ရှိနေခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ဦးသန်းထိုက်၊ စစ်ကိုင်းတိုင်း ဒေသကြီး လွွှတ်တော်အမတ် ဦးသောင်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုအပြီး ကျန်ရှိနေသူများကို ထပ်မံလွှတ်ပေးလိုက်ခြင်းဖြစ်သည်။

စက်တင်ဘာ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာသူတဦးဖြစ်သည့် ဝက်မှေးရွာသူ မစန်းစန်းလှ က “ကျွန်မတို့ကိုခွေးဆွဲသလို ဆွဲပြီး အချုပ်ခန်းထဲ ထည့်ထားကြတယ်၊ ပြီးတော့ ရဲမေတွေက အရမ်းကြမ်းတမ်းတာပဲ၊ ကျွန်မတို့ကို ကုတ်တယ်၊ ဆံပင်တွေ ဆောင့်ဆွဲတယ်၊ ကျွန်မတို့က ကယ်ကြပါ၊ ကယ်ကြပါလို့ အော်တယ်၊ နောက်တော့ ကျန်တဲ့ သုံးယောက်ကို ဘယ်ခေါ်သွားမှန်းမသိလိုက်ဘူး၊ ကျွန်မကိုတော့ ပြန်လွှတ်ပေး လိုက်တယ်” ဟု သူ၏ အကျဉ်းကျ အတွေ့အကြံုကို မဇ္ဈိမကို ပြောဆိုထားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် စစ်ကိုင်းတိုင်း တာဝန်ရှိ အာဏာပိုင်များ တွေ့ဆုံမှုအတွင်း ကြေးနီ တောင် စီမံကိန်း ရပ်ဆိုင်းရန်မှာ တိုင်းဒေသကြီးအစိုးရ၏ ဆုံးဖြတ်ချက်တခုတည်းနှင့် ဆုံးဖြတ်၍ မရကြောင်းလည်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ပြောဆိုထားသည်။

ကြေးနီတောင်စီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ပေါင်းစပ် လုပ်ဆောင် သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် လက်ပံတောင်းတောင် ပတ်ဝန်းကျင်ရှိ စံပါယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများက စိုးရိမ်လျက် ရှိသည်။

Most read this week