ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသန့်ရှင်းမှု စီမံကိန်းတစ်ခု အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိ ကြောင်း ယင်းကို အကောင်အထည်ဖော်မည့် FREDA မှ ဒုဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။
ယခုစီမံကိန်းကို အကောင်အထည်ဖော်နိုိင်ရန် ကုလသမဂ္ဂဖွံဖြိုးရေး အစီစဉ် ( UNDP ) ကမ်းလှမ်းချက်ဖြင့် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၁၀ သန်း ပေးအပ်ရန်လည်း နှုတ်အားဖြင့် သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
“ရေသန့်အောင်လုပ်ဖို့ စီမံချက်ကတော့ အခုစရေးနေတယ်။ ဘယ်လောက်ကုန်မယ်။ ဘယ်လိုလုပ်မယ်ဆိုတာ ကတော့ မသိရသေးဘူး။ ပညာရှင်တွေနဲ့ တိုင်ပင်သွားရမယ်။ ရေက အခုနောက်ပိုင်းမှာ အရေးကြီးတဲ့ကဏ္ဍက ပါလာပြီ”ဟု ၎င်းက ပြောသည်။
ရေထုညစ်ညမ်းမှု မည်မျှ ရှိသည်၊ မည်သို့လုပ်ဆောင်သင့်သည်တို့ကို ဦးစွာစာတမ်းရေးသားပြီး UNDP သို့ပေးပို့ရမည် ဖြစ်ပြီး ယင်းအတွက် ရေနှင့်ပတ်သက်သည့် ပညာရှင်များနှင့်ပါ တွေ့ဆုံဆွေးနွေး အဖြေရှာရန် စီစဉ်လျက်ရှိကြောင်း၊ စာတမ်းရေးသားပြီး မကြာမီ အကောင်အထည် ဖော်သွားနိုင်မည်ဖြစ်ကြောင်း ဦးအုန်းကပြောသည်။
ဧရာဝတီတိုင်းသည် ကနဦးအဆင့်ဖြစ်ပြီး အောင်မြင်မှုရရှိပါက ကမ်းရိုးတန်းတစ်လျှောက်နှင့် အခြားနေရာများ ကိုပါ တိုးချဲ့လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တိုးချဲ့လုပ်ဆောင်မည့်အပိုင်းနှင့်ပတ်သက်ပြီး “ကမ်းရိုးတန်းဒေသတွေဟာ ဆားငန်ရေရှိတဲ့နေရာဖြစ်တယ်။ ပင်လယ်နဲ့ ဆက်နေတာတွေ။ အဲတော့ ဘာလုပ်မလဲဆိုတော့ ဧရာဝတီ၊ ရခိုင်၊ မွန်၊ ရန်ကုန်မှာရှိတဲ့ရေကို ဆားရေဘယ်လောက် ရှိတယ် ဆိုတာမျိုးတွေကို တိုင်းတာစစ်ဆေးသွားမယ်။ ဆားရေဝင်မလာအောင်၊ ဆားပါ၀င်မှု နှုန်းမြင့်တက်မှုမရှိအောင် လုပ်ဆောင်သွားမယ်”ဟု ဦးအုန်းက ပြောသည်။
ကာလီဖိုးနီးယားအခြေစိုက်ဖြစ်သည့် California Academy of Science (CAS)အဖွဲ့သည် ၂၀၀၂-၂၀၀၃ ခုနစ်ခန့်က ဧရာဝတီ မြစ်အတွင်းရှိ ငါးများကို လေ့လာစစ်တမ်းကောက်ယူမှုတစ်ခုပြုလုပ်ခဲ့ရာတွင် လူကိုကျန်းမာရေး ထိခိုက်စေနိုင်လောက်သည်အထိ မာကျူရီပါ၀င်နေသည့် ငါးများမှာ ယင်းမာကျူရီကို အသုံးပြုနေသည့် ရွှေမှော်များရှိ သည့် မြစ်အထက်ပိုင်း သပိတ်ကျင်းမှာထက် မြစ်အောက်ပိုင်း ပန်းတနော်တွင် တွေ့ရှိခဲ့ဟု ၎င်းတို့စစ်တမ်းတွင်ဖော်ပြထားသည်။
ယင်းနှင့်ပတ်သက်ပြီး ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Eco Dev မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက “မြစ်က ကြီးမယ်။ စီးစင်းတဲ့ ရေထုက ကြီးမယ်။ စီးဆင်းမှုကောင်းမယ်ဆိုတော့ အဲဒီ့နေရာမှာ တော့ နည်းနေမယ်။ ပန်းတနော်ဆိုတာ ရှိသမျှရေစီးထိုင်တဲ့နေရာလေ။ အဲမှာလာပြီးပုံတာမျိုးဖြစ်တာပေါ့”ဟု မြစ်ဝကျွန်းပေါ်ဒေသ ရေထုညစ်ညမ်းစေမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးသည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဦးအုန်းထံသို့ ၀ါးခယ်မမြို့မှ ဒေသခံတစ်ဦးက သောက်သုံးရေအဖြစ် အသုံးပြုသည့် ကန်များတွင် ဆားငန်ရေများဝင်ရောက်ခဲ့သည့်အတွက် သောက်သုံးရေရရှိမှုအတွက် အခက်အခဲ ဖြစ်လာကြောင်း ပြောသွားသည် ဟု ၎င်း ကဆိုသည်။
“၀ါးခယ်မက တစ်ယောက်က ပြီးခဲ့တဲ့အပတ်က အကူအညီတောင်းတယ်။ သူတို့ဆီက ရေတွေဟာ ညစ်ပတ်နေတယ်။ ကျန်းမာရေးနဲ့မညီဘူး။ အဲဒါ ရေသန့်ရှင်းမှုရှိဖို့ ကူညီပါဆိုပြီးလာပြောတယ်”ဟု ဦးအုန်းက ပြောသည်။