ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ ယုဇန ကုမ္ပဏီက သိမ်းယူထားသော မြေများ ထဲမှ လယ်ဧက တထောင်ကျော်ကို မူလပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်သွားမည်ဟု ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က ကတိပြုလိုက်ကြောင်း တောင်သူများကိုယ်စား ဗုဒ္ဓဟူးနေ့က သွားရောက် ညှိနှိုင်းခဲ့သည့် ဒေါ်ဘောက်ဂျာ က မဇ္စျိမကို ပြောသည်။
လွန်ခဲ့သော ခြောက်နှစ်က ပီလောပီနံနှင့် ကြံ စိုက်ပျိုးရန်တွက်ဟုဆိုကာ ယုဇန ကုမ္ပဏီက သိမ်းယူခဲ့သည့် ဧကနှစ်သိန်းကျော် အနက်မှ ဖားကန့်မြို့နယ်အတွင်းရှိ လယ်ယာမြေများကို ပြန်ပေးမည်ဟု ဦးဌေးမြင့်က ကတိပြုလိုက်ခြင်းဖြစ်သည်။
“သိမ်းဆည်းထားတဲ့ လယ်မြေတွေကိုလည်း ပြန်ပေးမယ်။ မစိုက်ပျိုးခဲ့ရတဲ့ အချိန်တွေအတွက် နစ်နာမှုကို လည်း ညှိနှိုင်းပေးမယ်လို့ ဦးဌေးမြင့်က ပြောတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ဒေါ်ဘောက်ဂျာ က ဆိုသည်။
ကြာသပတေးနေ့က လယ်သိမ်းခံရသည့် ကချင်တောင်သူအချို့သည် လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်လမ်းပေါ်ရှိ ယုဇန ဟိုတယ်ရှေ့တွင် ဆန္ဒပြရန် စုရုံးခဲ့ကြသော်လည်း လယ်ယာမြေများ ပြန်လည်ရရှိမည်ဆိုသည့် ဒေါ်ဘောက်ဂျာထံမှ သတင်း စကားကြောင့် ဆန္ဒပြပွဲကို ဆိုင်းင့ံခဲ့သည်။
NDF ပါတီမှ ရန်ကုန်တိုင်း အတွင်းရေးမှုး ဦးထက်အောင်ကျော် ၏ အဆိုအရ လယ်ယာမြေများကိုပြန်ပေးမည့် အပြင် မှတ်ပုံတင် မရှိသော မြေများအတွက် လယ်ယာမြေ မှတ်ပုံတင်ရရှိသည်အထိ တောင်သူများကို ဦးဌေးမြင့်က ဆောင်ရွက်ပေးမည်ဟုလည်း သိရသည်။
ယုဇနကုမ္ပဏီက သိမ်းယူထားသည့်အတွက် ဝါရာဇွပ်၊ နမ်ဆိုင်၊ ဘန်ကောက်၊ လဂျာပါ၊ အာန်ရာယန်၊ ရှဒူးဇွတ် ကျေးရွာများမှ လယ်ယာစိုက်ပျိုးခွင့် မရခဲ့သည့် ကာလအတွက် ပေးမည်ဆိုသည့် လျော်ကြေးကိုမူနှစ်ဘက် ညှိနှိုင်းမှု လုပ်နေဆဲ ဖြစ်သည်ဟု ဦးထက်အောင်ကျော် က မီဒီယာများကို ပြောကြားခဲ့သည်။
ဝါရာဇွပ်ရွာမှ လယ်ယာအသိမ်းခံရသည့် တောင်သူတဦးဖြစ်သူ ဦးဇော်ဆိုင်း က ၎င်းပိုင် ယာမြေပေါ်ရှိ သီးပင်စားပင် များကို ယုဇနကုမ္ပဏီက မြေညှိစက်များဖြင့် ထိုးကော် ဖျက်ဆီးလိုက်သည်မှာ လေးနှစ်ခန့်ရှိပြီ ဖြစ် သဖြင့် ၎င်းအနေဖြင့် လယ်ယာကို ပြန်လည် ရရှိလျှင်ပင် ထိုမြေသည် နောင် ရှစ်နှစ်ခန့်ကြာမှ အသိမ်းမခံရ မီ အခြေအနေအတိုင်း ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ တဝှမ်းတွင်လည်း တောင်သူများထံမှ လယ်ယာမြေများကို ကုမ္ပဏီများနှင့် စစ်တပ်မှ သိမ်းယူမှုများ ဖြစ်ပွားလျက်ရှိကာ တောင်သူများက ပြန်လည်ရလိုမှု ဆန္ဒပြပွဲများ ဆင်နွှဲလျက်ရှိသည်။
ထင်ရှားသေူ သူဌေးကြီးတဦးဖြစ်သူ ဦးတေဇ ပိုင်ဆိုင်သည့် ဧရာရွှေဝါ ကုမ္ပဏီမှ သိမ်းယူထားသော လယ်ယာမြေ ဧက လေးသောင်းကျော်ကို တောင်သူများထံ ပြန်ပေးနိုင်ရန်အတွက် လွန်ခဲ့သောသီတင်းပတ် နှစ်ပတ်ခန့်က အစိုးရထံ ပြန်လည် အပ်နှံခဲ့ရသည်။