မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တနှစ်ကျော်ကြာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့စဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စတင်စစ်ဆေးနေသည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောသည်။
ဦးစစ်မြိုင် အပါအဝင် ကော်မရှင် အဖွဲ့ဝင် နှစ်ဦးက ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်၍ ကော်မရှင်သို့ တိုင်တမ်းထားသော အစိုးရတပ်မှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်မှု နှစ်မှု၊ KIO မှ တပ်သားသစ် စုဆောင်းမှုနှင့် အမျိုးသမီးများ စော်ကားမှု စသည့် အမှုလေးမှုအား အင်္ဂါနေ့က စတင်စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“လေးမှုလုံးကို စစ်ပါတယ်။ သက်သေတွေ သက်ဆိုင်ရာ ရွာက လှမ်းခေါ်တယ်။ လူတွေ အတင်းအဓမ္မ ဖမ်းဆီး
ခေါ်ဆောင်တာ။ တပ်သားသစ်စုဆောင်းတာ ချိုးဖောက်မှုတွေ ရှိပါတယ်။ ဒါတွေက မှန်ပါတယ်။ နှစ်ဖက်စလုံး ချိုးဖောက်တယ်” ဟု မဇ္စျိမကို ပြောသည်။
“ကျနော်တို့ စစ်တဲ့အခါမှာလည်း နှစ်ဖက် လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်တယ်။ အဲတော့ မှန်သင့်သလောက် လည်း မှန်ပါတယ်။ စစ်ပွဲတွေ ဆက်ရှိနေမယ်၊ နယ်မြေ မငြိမ် မသက် ဖြစ်နေမယ်ဆိုရင်တော့ ဒီပြဿနာမျိုးတွေက အနည်းနဲ့အများ ဆက်ရှိနေဦးမယ်” ဟု ဦးစစ်မြိုင် က ပြောသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အခင်းဖြစ်ပွားသည့် နေရာများသို့ ကိုယ်တိုင် သွားရောက်နိုင်ခြင်း မရှိသော်လည်း သက်ဆိုင်ရာ ရွာသားများအား မြစ်ကြီးနားမြို့သို့ ခေါ်ယူ၍ မေးမြန်းစုံစမ်းခဲ့ရသည်ဟု ဆိုသည်။
ဝိုင်းမော်မြို့နယ်၊ နန့်ဝါးကျေးရွာအုပ်စု မုတ်ကျိန်ကျေးရွာသား လေးဦးအား အစိုးရ၏ တပ်မ (၈၈) တပ်ဖွဲ့များ ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာမှ ပြန်လည် လွတ်မြောက်လာသူ နှစ်ဦးနှင့် ဖမ်းဆီးခံထားရဆဲ ဦးဖလောင်လွမ်းခေါင်၏ ဇနီး ဒေါ်ဇောင်းနောတို့အား စစ်ဆေးမေးမြန်းနိုင်ခဲ့သည်။
၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တပ်မ ၈၈ တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သော AG ဧဝံဂေလိ အသင်းတော်မှ သင်းအုပ်ဆရာ ဦးလွမ်းခေါင်နှင့် ဦးလဟောင်ခေါင်ဟောင်းတို့ကို ပြန်လည် လွတ်မြောက်လာသော်လည်း ဦးဖလောင်လွမ်းခေါင်နှင့် ဦးချယူလွမ်းဟောင်း တို့မှာမူ ယနေ့ထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု သိရသည်။
ထို့ပြင် တာလောကြီးကျေးရွာမှ အမျိုးသမီး လေးဦးအား KIO ၏ ဒေသခံတပ်ဖွဲ့က အဓမ္မ ပြုကျင့်ခဲ့သည်ဟု စွပ်စွဲထား သည့် အမှုကိုလည်း ကာယကံရှင် အမျိုးသမီးများနှင့် သက်သေအချို့ကို စစ်ဆေးခဲ့သည်ဟု ဦးစစ်မြိုင်က ပြောသည်။
“ရွာမှာ တိုက်ပွဲဖြစ်တာ စစ်ဆေးဖို့ဆိုပြီး လေးဦး ဖမ်းသွားတာ နှစ်ယောက် ဖမ်းသွားတယ်ဆိုတာ သေချာတယ်။ အဲဒါကို ကျနော်တို့ လေ့လာကြည့်တုန်းပါ။ စော်ကားခံရတဲ့ အမျိုးသမီး တချို့က ရှက်တော့ သိပ်ပွင့်ပွင့်လင်းလင်း မပြောဘူး။ သက်သေတွေ ပြောတာတော့ စော်ကားမှု ရှိတယ်ဆိုတာ ပြောပါတယ်” ဟု ပြောသည်။
သက်ဆိုင်ရာ အဖွဲ့အစည်းများအား ယင်းကဲ့သို့ ပြဿနာများ မဖြစ်ပွားစေရန် တာဝန်ယူပြီး လူ့အခွင့်အရေး ကာကွယ် ပေးရန် အကြံပေး တိုက်တွန်းသွားမည်ဖြစ်ပြီး ယခုကဲ့သို့ ပြဿနာများ မပေါ်ပေါက်ရန် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည့် နိုင်ငံရေး စကားဝိုင်းသို့ လာကြရန် တိုက်တွန်းလိုကြောင်း ဦးစစ်မြိုင်က ပြောသည်။
“ကျနော်တို့ကတော့ မှန်ကန်တဲ့အခြေအနေကို ဖော်ပြပြီးတော့ ဒီလို မဖြစ်အောင် တားဆီးကာကွယ်ကြဖို့၊ ရှောင်ကြားဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ကာကွယ်ပေးဖို့ တိုက်တွန်းမယ်” ဟု ပြောသည်။
အလားတူ ခလရ ၃၇ မှ ဖမ်းဆီးထားသော တာလောကြီးကျေးရွာမှ ကချင်အမျိုးသား ကိုဇော်ဆိုင်းနှင့် ရွာသူကြီး ကိုဘရန်ဆိုင်း တို့၏ မိသားစုများနှင့်လည်း ကော်မရှင်က တွေ့ဆုံမေးမြန်းခဲ့သည်ဟု ကိုဇော်ဆိုင်း၏ မိခင် ဒေါ်မရိပ်ခေါင် က ပြောသည်။
“ကျမသားကို ဘယ်လိုဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်။ ဘယ်လို နှိပ်စက်တယ်။ ခုဘယ်မှာ ဖမ်းထားတယ်၊ စစ်ဆေးနေလဲဆိုတာတွေ မေးတယ်။ စဖမ်းတုန်းက ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိလို့ နေပြည်တော်ကို စာပို့တယ်။ နောက်မှ ထောက်လှန်းရေးကို ပို့လိုက်တယ်။ အဲဒီမှာလည်း ၄၊ ၅၊ ရက် ညှဉ်းပန်းနှိပ်စက်ခံရတယ်။ ခုထိ ရုံးချိန်းနဲ့ အချိန်ဆွဲထားတယ်လို့ ပြောလိုက်တယ်။ သူကတော့ လွတ်မယ်ဆိုတာကိုတော့ အာမမခံဘူး။ ဒါပေမယ့် အမှန်တရားကို အများသိအောင် သတင်းထုတ်ပြန်မယ်” ဟု မဇ္စျိမကို ပြန်ပြောပြသည်။
ကိုဇော်ဆိုင်းသည် KIO နှင့် ပတ်သက်၍ မရှိဘဲ လယ်ယာလုပ်ကိုင်နေသူတဦးသာ ဖြစ်၍ ပြန်လွှတ်ပေးရန် မိခင်ဖြစ်သူက မျှော်လင့်နေသည်။
၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က ၎င်းတို့ နှစ်ဦးအား ဖမ်းဆီးခဲ့ပြီး နေပြည်တော် လွှတ်တော် တရားရုံးသို့ လွှတ်ပေးရန် လျှောက်လဲခဲ့သော်လည်း လုံခြံုရေးအရ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အစိုးရဘက်မှ ကိုယ်စားလှယ်များက လျှောက်ထား၍ လွှတ်ပေးရန် ငြင်းပယ်ခဲ့သည်။
တနင်္လာနေ့ကလည်း ကိုဘရန်ဆိုင်း၏ ဇနီး မာခေါန်ကိုလည်း ကော်မရှင်က တွေ့ဆုံ မေးမြန်းခဲ့သည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့တွင် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်များအား ကော်မရှင်က လိုက်လံကြည့်ရှုနေရာ ၎င်းတို့၏ နေရေး ထိုင်ရေး လုံခြံုမှုရှိပြီး အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စားဝတ်နေရေးများနှင့် ပညာရေးအခြေအနေနှင့် ပတ်သက်၍ အထောက်အပံ့များ လိုအပ်နေသည်ကို တွေ့ရှိရကြောင်း ဦးစစ်မြိုင် က ပြောဆိုသွားသည်။