တပ်အာဏာပိုင်တို့၏ ခွင့်ပြုချက်ဖြင့် ဆယ်စုနှစ် တခုခန့် နေထိုင်လာခဲ့သည့် အိမ်ထောင်စု ၁၅၀ ခန့်ကို တပ်မြေမှ ဖယ်ရှားပေးရန် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ အခြေစိုက် တပ်ရင်းက ညွှန်ကြားလိုက်ပြီး၊ သုံးလ အတွင်း ပြောင်းရွှေ့ပေးမည်ဟု ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ရကြောင်း ပြောင်းရွှေ့ခံရမည့်သူတို့က ပြောသည်။
ဇူလိုင်လ ရ ရက်နေ့တွင် ဘုရားသုံးဆူမြို့ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၃ အတွင်းရှိ ခမရ ၂၈၃ တပ်မြေတွင်း နေထိုင် သူများကို တပ်ကုန်းရှိ နှင်းဆီရိပ်သာ၌ အစည်းအဝေး ခေါ်ယူကာ တလအတွင်း ပြောင်းရွှေ့ရန် တပ်အာဏာပိုင်တို့ကညွှန်ကြားခဲ့ပြီး၊ ဝိုင်းဝန်းတောင်းပန်မှုကြောင့် နိုဝင်ဘာလ ၁ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် သဘောတူချက် ရရှိခဲ့သည်ဟု ဆိုသည်။
“မပြောင်းဘူးလို့ ကျမတို့ မပြောပါဘူး၊ အခုက ဗြုန်းစားကြီးဆိုတော့ ဘယ်လိုစီစဉ်ရမှန်းတောင် မသိတော့ဘူး” ဟု နေအိမ် ပြောင်းရွှေ့ခံရမည့် အမျိုးသမီးတဦးက ပြောသည်။
ပြောင်းရွှေ့ခံရမည့် မိသားစု ၁၅၀ ခန့်တွင် လူဦးရေ ၈၀၀ ခန့် ရှိပြီး၊ ၎င်းတို့မှာ တပ်မိသားစုများ၊ စစ်မှုထမ်း ဟောင်း မိသားစုများ၊ အစိုးရဝန်ထမ်းများ၊ ကျဆုံးသွားသည့် တပ်သားများ၏ ဇနီးနှင့် သားသမီးများဖြစ်ကြ သည်။
ပြောင်းရွှေ့ခံရသူများအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မြို့ပတ်လမ်း အနောက်ဘက်ရှိ ကျောက်တောင် ခြေရင်း တွင် နေရာချထားပေးမည်ဟု ဆိုသော်လည်း မြေကွက်တကွက်လျှင် ထိုင်းဘတ်ငွေ တသောင်းမှ သုံးသောင်းအထိ မဲစနစ်ဖြင့် ဝယ်ယူရမည် ဖြစ်သည့်အတွက် လက်လုပ်လက်စားများ ဖြစ်သည့် ၎င်းတို့အ နေနှင့် ဝယ်ယူနိုင်ရန် အလားအလာ မရှိဟုဆိုသည်။
“အဲဒီမှာ နေတဲ့လူတွေ အားလုံးက ဆင်းရဲသားတွေချည်းပဲ ဆိုတော့ တခြားနေရာမှာ မြေကွက်ဝယ်ပြီး ပြောင်းနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မြို့နယ်ဝန်ထမ်းတဦးက ပြောသည်။
တပ်မြေတွင်း နေထိုင်သူ တဦးက “ကျမငိုပြီး အသနားခံတယ်လေ၊ မပြောင်းပါရစေနဲ့လို့။ မရဘူး၊ ၁ ရက် ၁၁ လပိုင်းမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ထွက်ရမယ်။ မြို့ပတ်လမ်း အနောက်က လူမနေတဲ့ နေရာမှာ နေရာချပေး မယ်၊ သုံးသောင်းနဲ့ ဝယ်ရမယ်၊ တသောင်းနဲ့ ဝယ်ရမယ်။ ကျမတို့မှာ တထောင်တောင် မရှိတော့ ဘယ်လိုဝယ် နိုင်မှာလဲ၊ ဒုက္ခသည် စခန်းကိုပဲ ရောက်မှာလား မသိဘူး” ဟု ပြောသည်။
မည်သည့်အကြောင်းကြောင့် ပြောင်းရွှေ့ခိုင်းသည်ကို တပ်အာဏာပိုင်များက မပြောပေ။
မြို့ခံများက ထင်ကြေးပေးကြသည်က ဘုရားသုံးဆူဒေသတွင် တည်ဆောက်မည့် စက်မှုဇုန် စီမံကိန်းနှင့် ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်များ ဖောက်လုပ်ခဲ့သည့် သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ် မည့် စီမံကိန်းနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။
စီမံကိန်းကြောင့် ဘုရားသုံးဆူမြို့ရှိ အိမ်ခြံမြေများ စျေးထိုးတက်လာပြီး၊ အချက်အချာကျသည့် နေရာများကို
ဒေသဖွံ့ဖြိုးရေးအဖွဲ့က ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး ဝယ်ယူလျက် ရှိသည်ဟု ဆိုသည်။
ယခင်က မြို့ပြင်ရှိ ပေ ၄၀ x ၆၀ ရှိ အိမ်ခြံမြေတကွက်လျှင် ထိုင်းဘတ်ငွေ ခုနှစ် သောင်းမှ တသိန်းဝန်း ကျင်သာ ရှိရာမှ မွန်ပြည်သစ်ပါတီ (NMSP) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူချက် ရရှိပြီး နောက်ပိုင်းတွင် သုံးသိန်းမှ လေးသိန်းဝန်းကျင်ထိ ထိုးတက်ခဲ့သည်။
မိုးရာသီအကုန်တွင် သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ်ရန်အတွက် တိုင်းတာခြင်း လုပ်ငန်းများ ကို စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့ တွင် နေပြည်တော် ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
၎င်းပြင် မေလ ၁၅ ရက်နေ့က ဘုရားသုံးဆူမြို့တွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ (၆) ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားတွင်လည်း ၎င်းရထားလမ်း ဖောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ဝန်ကြီးက ပြောကြားခဲ့သေးသည်။