အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးလွှတ်

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးလွှတ်
by -
မဇ္ဈိမ

ဦးသိန်းစိန်အစိုးရ၏ သက်တမ်း ၁၅ လအတွင်း အကျဉ်းသား ငါးကြိမ်မြောက် လွှတ်ပေးမှုတွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး အင်္ဂါနေ့တွင် ပြန်လည် လွတ်မြောက်လာကြသည်။

အကျဉ်းသား ငါးကြိမ်မြောက် လွှတ်ပေးမှုတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား ကိုမြင့်ကြိုင်၊ ကိုဇော်မင်းအောင်၊ စောဝီလျံ၊ စောဖရန်စစ် (အလယ် - ဝဲမှယာ) ကို စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက်မှ အဖွဲ့ဝင်တဦး (ဝဲ အစွန်လူ) နှင့် ၈၈ မျိုးဆက် ကျောင်းသား ကိုဇော်ဇော်မင်း (ယာ အစွန်လူ) တို့နှင့်အတူတွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ)
အကျဉ်းကျခံနေရသူများမှာ မတရားအသင်း ဆက်သွယ်မှုဖြင့် စွပ်စွဲခံရပြီး ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံနေရ သူများဖြစ်ကြသည်ဟု ပြန်လည် လွတ်မြောက်လာသူများက မဇ္ဈိမကို ပြောသည်။ လွတ်မြောက်လာ သူများတွင် အမျိုးသား ၉ ဦး ပါဝင်ပြီး အမျိုးသမီး ၂ ဦးပါဝင်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသားအစည်းအရုံး KNU တို့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ အရပ်ဘက် ထောက်လှမ်းရေးမှ စွဲချက်တင်၍ အင်းစိန်ထောင်တွင်း အထူးတရားရုံးမှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလအတွင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရသူများဖြစ်သည်ဟု လွတ်မြောက် လာသူများက ပြောသည်။

အကျဉ်းသား ငါးကြိမ်မြောက် လွှတ်ပေးမှုတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား ကိုမြင့်ကြိုင်၊ ကိုဇော်မင်းအောင်၊ စောဝီလျံ၊ စောဖရန်စစ် (အလယ် - ဝဲမှယာ) ကို စက်မှုတက္ကသိုလ် ကျောင်းသားများကွန်ယက်မှ အဖွဲ့ဝင်တဦး (ဝဲ အစွန်လူ) နှင့် ၈၈ မျိုးဆက် ကျောင်းသား ကိုဇော်ဇော်မင်း (ယာ အစွန်လူ) တို့နှင့်အတူတွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ)

"ကျနော်တို့ကို အခု ကြိုပြီးတော့ လွှတ်တယ်ပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ မဖြေသာပါဘူး။ ကျနော်တို့က ဒီလူတွေနဲ့ သိတယ်ဆိုရုံနဲ့ ကျနော်တို့ အဖမ်းခံရစရာ အကြောင်းမရှိဘူး။ ဒီအမှုကတော့ ကျနော်တို့ကျတာ မတရားဘူးလေ။ ကျနော်တို့ ဆက်သွယ်ခဲ့တယ်ဆိုတာလည်း ကျနော်တို့ကို ခိုင်လုံတဲ့ အထောက်အထား မပြနိုင်ပါဘူး။" ဟု ထောင်ဒဏ် ၅ နှစ်ကျခံနေရာမှ ပြန်လည်လွတ်မြောက်လာသူ စောဝီလျံက မဇ္ဈိမကို ပြောသည်။

စောဝီလျံက ယင်းတို့အမှုနှင့် တတွဲတည်းတွင် ပါဝင်ပြီး ဖေါက်ခွဲမှုနှင့် မတရားအသင်း ဆက်သွယ်မှုတို့ဖြင့် စွပ်စွဲခံခဲ့ရပြီးပြစ်ဒဏ် ၁ဝ ကျော် ကျခံနေရသူများဖြစ်သည့် ကိုကံမင်းသာ၊ ကိုဝင်းမြင့်နှင့် ကိုထွန်းဦးတို့လည်း ကျန်ရှိနေသေးသည်ဟု မဇ္ဈိမကို ပြောသည်။

ပြန်လည် လွတ်မြောက်လာသူ တဦးဖြစ်သည့် စောဖရန်စစ် ကလည်း သူ၏ ထောင်တွင်း အတွေ့အကြံုများ အရ တရားစီရင်ရေးစနစ် အားနည်းချက်ကို "အခု ထောင်ထဲမှာ ကျန်နေနခဲ့တဲ့ သူတွေဟာလည်း ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတာ တွေလည်း ရှိနေပါတယ်။ ကိုယ်လုပ်ထားတဲ့ အမှုနဲ့ ကျတဲ့ပြစ်ဒဏ်ကျတော့ ဘာမှမဆိုင်ဘဲ များနေပါတယ်။ အဲဒီလို အမှုမျိုးတွေလည်း ကျနော်တို့ကို ပြန်ပြီး စဉ်းစားစေချင်ပါတယ်။ ဥပမာ လူသတ်မှုဆို ရင် မသတ်ဘဲနဲ့ ထောင်ကျနေသူတွေ ထောင်ထဲမှာ ကျနော်တို့ တွေ့ခဲ့ရပါတယ်။" ဟု မဇ္ဈိမကို ပြန်လည်ပြောပြသည်။

ဦးသိန်းစိန်အစိုးရ၏ ငါးကြိမ်မြောက်အဖြစ် အကျဉ်းသား လွှတ်ပေးမှုတွင် အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာ ကြသည့် အကျဉ်းသားများမှာ စောဝီလျံ၊ ကိုအေးသိန်း(ခ) ရန်နိုင်၊ ကိုအောင်မိုးဇော်၊ ထွန်းမြတ်သူ၊ ကိုမြင့်ကြိုင်၊ စောဖရန်စစ်၊ ကိုဇော်မင်းအောင်၊ ကိုစောနိုင်ဝင်း၊ အန်ထော်နီ၊ မဇာဏီဦးနှင့် မအေးအေးနွယ်တို့ ဖြစ်ကြသည်ဟုပြန်လည် လွတ်မြောက်လာသူများက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် စစ်ကိုင်းတိုင်း ကလေးထောင်မှ ကိုအေးအောင်၊ မကွေးတိုင်း သရက်ထောင်မှ ကိုသန်းဇင်၊ ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှ ကိုအောင်ကျော်မိုး၊ ပဲခူးတိုင်း ပြည်ထောင်မှ ကိုပြည့်ဖြိုးအောင်၊ မန္တလေးတိုင်း မြင်းခြံထောင်မှ NLD အမတ် ဒေါက်တာကျော်ကျော်၊ စစ်ကိုင်းတိုင်း ကသာထောင်မှ ကိုအောင်အောင်ဦးနှင့် မြင်းခြံထောင်မှ ကောရိယို တို့ ခုနှစ်ဦး လွတ်မြောက်လာပြီ ဖြစ်သည်။

“အခုလောလောဆယ်တော့ နည်းနည်းပါးပါးပါတယ်။ အပြင်ရောက်နေပြီ။  ကျနော်ထင်တယ် ၄၆ ယောက်မှာ အယောက် ၂၀ လောက်တော့ ပါသင့်ပါတယ်”ဟု ကိုတိတ်နိုင်က ပြောသည်။

ကိုသန်းဇော်သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်တိုင်း သန်လျင်မြို့ ရေနံချက်စက်ရုံ ဗုံးခွဲမှုဖြင့် ဖမ်းဆီး ခံရပြီး သေဒဏ် ချမှတ်ခံရာမှ အကျဉ်းထောင်အတွင်း ၂၃ နှစ်ကျခံပြီးနောက် ပြန်လည် လွတ်မြောက်လာသည်ဟု သိရသည်။
အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား စောဖရန်စစ်ကို ထောင်ကျနေစဉ်အတွင်း ထောင်တွင်းရှိ သစ်စငယ်များဖြင့် ကိုယ်တိုင်ပြုလုပ်ထားသည့် တီးဝိုင်းတခု၏ ပုံစံငယ်နှင့်အတူတွေ့ရစဉ်။ (ဓါတ်ပုံ - မျိုးသန့် ၊ မဇ္ဈိမ)
ကိုအေးအောင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ကျောင်သားဖြစ်ပြီး ပုဒ်မ ၅(ည)၊ ၁၇/၁ နှင့် ၁၇/၂ဝ တို့ဖြင့် ထောင်ဒဏ် ၅၉ နှစ်ကျခံပြီး ပြန်လည် လွတ်မြောက်လာသည်ဟု ကိုတိတ်နိုင်က ပြောသည်။

၂ဝ၁၂ ခုနှစ် အညတရ ဆုရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါက်တာကျော်ကျော်သည်လည်း မကွေးတိုင်း မြင်းခြံထောင်မှ လွတ်မြောက်လာသည်။

အစိုးရသစ်သည် အကျဉ်းသားများကို၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ သည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ်၊ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် တတိယအကြိမ်၊ ယင်းလ ၁၃ ရက်နေ့တွင် လေးကြိမ်မြောက် ပြန်လည်လွှတ်ပေးခဲ့သည်။

ယခု ငါးကြိမ်မြောက် ပြန်လည်လွှတ်ပေးမှုတွင် နိုင်ငံသားအကျဉ်းသူအကျဉ်းသား ၄၆ ဦးပါဝင်ပြီး နိုင်ငံခြားသား ၃၄ ဦး တို့ပါဝင်သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် အင်္ဂါနေ့က ဖေါ်ပြထားသည်။

နိုင်ငံသားအကျဉ်းသားများ လွှတ်ပေးမှုနှင့် ပတ်သက်၍ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အတွက်လည်းကောင်း အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရစေရန်အတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ပေးခြင်းဟုလည်း သတင်းစာက ရေးသားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP (B) ၏ ဇွန်လ ၃ဝ ရက်နေ့ ထုတ်ပြန်သည့် စာရင်းများ အရ မြန်မာနိုင်ငံအတွင်း စိစစ်အတည်ပြုပြီး နိုင်ငံရေးအကျဉ်းသား ၄၆၅ ဦး ရှိနေသေးသည်ကို AAPP (B) ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။