တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်

တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်
by -
မဇ္စျိမ

မြန်မာအစိုးရတပ်မှ သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ကိုယ် စားလှယ်များ တွေ့ဆုံဆွေးနွေးကြရန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပညာရေးဌာနမှ တာဝန်ခံ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် ငါးဦးအဖွဲ့တို့ KIO ၏ တပ်မဟာ ၃ နယ်မြေ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မြို့ရှိ မိုင်ဂျာယန် ဟိုတယ်တွင် သုံးနာရီကြာ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“စစ်တပ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတယ်။ တပ်ရုပ်သိမ်းဖို့ ကျနော်တို့တပ်နဲ့ သူတို့ တပ်တွေ ဘယ်မှာ ဘယ်လိုတွေ့ကြ မယ်။ ဦးအောင်မင်းက အထက်လူကြီးတွေနဲ့ တင်ပြထားတဲ့ အကြောင်းတွေ။ မြေပုံက ဘယ်လို system သုံးတယ်။ သူတို့သုံးတဲ့ မြေပုံနဲ့ ကျနော်တို့ ဘယ်မြေပုံ ညှိပြီး ဘယ်နေရာမှာ ဘယ်လို ရွှေ့မယ်ဆိုတာ ထပ်ဆွေးနွေးကြမယ်” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က မဇ္စျိမကို ပြောသည်။

အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် ဇွန်လ ၁ ရက် ဆွေးနွေးပွဲအတွင် KIO ဘက်မှ တောင်းဆိုချက် အချို့ကို ကာကွယ်ရေးဦးစီးချုပ်မှ သဘောတူပြီး တချို့အား ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သေးကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“ကျနော်တို့ တင်ပြလိုက်တဲ့ တပ်တွေကို တချို့ သဘောတူတယ်။ သူတို့ ကာ/ချုပ် မှာလိုက်တဲ့ စကား။ တချို့က ဆွေးနွေးဖို့ လိုသေးတယ်။ ဒါကြောင့် တပ်အချင်းချင်းတွေ့ဖို့ မြေပုံညွန်ပြဖို့ လိုလာပြီ” ဟု ပြောသည်။

ထို့ပြင် KIO ဘက်မှ တပ်ကိစ္စများကို ပြည့်ပြည့်စုံစုံ တင်ပြပေးသည့်အတွက် သမ္မတ ဦးသိန်းစိန်က ကျေးဇူးတင်ကြောင်း စကားပါးလိုက်သည်ဟုလည်း ပြောသည်။

နောက်တကြိမ် တွေ့ဆုံသည့်အခါတွင် အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)တို့မှ တာဝန်ရှိသူများ တက်ရောက် လာနိုင်မည်ဟု သူက ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းတို့နှင့် KIO ကိုယ်စားလှယ်များ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးနေစဉ်ပင် ရှမ်းပြည်နယ် မြောက်ပိုင်း မုန်ဂိုဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် KIO ခေါင်ဆောင်းများ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် တိုးတက်မှု ရှိသည်ဟု ရှုမြင်ကြောင်း အကျိုးဆောင် ဦးလှမောင်ရွှေက သုံးသပ်ပြောဆိုသည်။