ရသေ့တောင်မြို့နယ်တွင်း သတ်ဖြတ်မှုများ ဖြစ်ပွား

ရသေ့တောင်မြို့နယ်တွင်း သတ်ဖြတ်မှုများ ဖြစ်ပွား
by -
မဇ္စျိမ

ရခိုင်ပြည်နယ် ဒေသအများစု၏ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း အစိုးရက ကြေညာထား သော်လည်း ရသေ့တောင်မြို့နယ်တွင် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုများ အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အိမ်ခြေ ၂ဝ ခန့်သာ ရှိသည့် ကူတောင်ရွာရှိ ရခိုင်တိုင်းရင်းသားတို့၏အိမ်များအား အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ရိုဟင်ဂျာများက နံနက်ပိုင်းတွင် လာရောက်မီးရှို့ခဲ့ပြီး သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ကိုးဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ထိုသို့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည့် သတင်းများ ကြားသိနေရ၍ ယခင် ရက်များကတည်းက ကူတောင်ရွာရှိ အမျိုးသမီးများနှင့်ကလေးများ တိမ်းရှောင်နေခဲ့ကြပြီး ဖြစ်သည်ဟု အမျိုးသား လွတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

“သူတို့လာတော့ ဓါးနဲ့ခုတ်ပြီးတော့ ဒီအတိုင်း အလောင်းတွေကို ဆွဲသွားတယ်။ တချို့လူတွေကိုလည်း ဆွဲသွားတယ်။ အဲဒီရွာပြင်မှာပဲ သူတို့ခုတ်တဲ့ နေရာမှာပဲမြှုပ်တယ်။ အဲဒါကို ဒီအတိုင်း မြင်နေရတယ်။ နောက်တော့ ရသေ့တောင် စစ်တပ်က ၃ဝ လောက် အဲဒီရွာထဲ ဝင်သွားတယ်။ ပျောက်နေတဲ့ လူတွေရှာတယ်။ အလောင်းတွေ တောင်းတယ် လို့ ပြောတယ်။ တွေ့မတွေ့ မသိရသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

ကူတောင်ရွာတွင် ရဲစခန်းရှိသော်လည်း ရဲအင်အား နဲပါးကာ အခင်းဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်းနှင့် ရခိုင်အိမ်တချို့ မီးတိုက်ခံခဲ့ရကာ အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိထားပြီး နောက်ထပ် ၄ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတဦးဖြစ်သည့် ကိုဆန်းအေး က ပြောသည်။

“မနက် ၈ နာရီလောက်က မီးရှို့တာ။ မီးရှို့လို့ ငါတို့ရွာကို အကူအညီတောင်းလို့ ငါက သွားတာ။ အနီးအနား က ရွာတွေကို အကူတောင်းတာ။ ငါက ဦးကာရွာက။ ရွာတွေက နီးနီးလေး အရမ်းမဝေးဘူး။ ဓါတ်တိုင် တတိုင်လောက်ပဲ ဝေးကြတာ။ သူတို့က လာပြီး မီးရှို့တာကို ဒီရွာက ခုခံတာကို ဓါးနဲ့ခုတ်လို့သေတာ။ အကုန်လုံး ရခိုင်သားတွေ ချည်းပဲ” ဟု မဇ္စျိမကို ပြောသည်။

ကူတောင်ကျေးရွာသည် စစ်တွေနှင့် ရသေ့တောင် ကြားရှိ ငါးစိမ်းကျွန်းပေါ်တွင် တည်ရှိပြီး ၎င်းကျွန်းတလျှောက် ကျေးရွာပေါင်း ၂၄ ခန့်ရှိသည်။ ကူတောင်ရွာ အနီးတွင် ဘင်္ဂါလီ ရိုဟင်ဂျာများ နေထိုင်သည့် အနောက်ပြင်နှင့် ညောင်ပင်ကြီး ကျေးရွာများရှိကာ အိမ်ခြေ ၁,ဝဝဝ ခန့်ရှိကြောင်း သိရသည်။

အေအက်ဖ်ပီ သတင်းတရပ်တွင်မူ သေဆုံးသူ ၃ ဦးရှိပြီး “သေဆုံးသူ အရေအတွက် ထိထက်ပိုရှိနိုင်ပါတယ်” ဟု မြန်မာအရာရှိတဦးအား ကိုးကားဖော်ပြထားသည်။

စစ်တပ်မှ ဝင်ရောက်လာသည့်အတွက် ငြိမ်သက်နေပြီး ညနေပိုင်းက ကူတောင်ရွာအား လာရောက် ကူညီရန်
ရောက်ရှိနေသည့် အနီးအနား ရွာများမှ ရခိုင်လူမျိုးများအား စစ်တပ်မှ ပြန်ခိုင်း၍ ပြန်သွားကြကြောင်း သိရသည်။

တပြည်နယ်လုံး အရေးပေါ်အခြေအနေ ကြေညာထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၆၀ ခန့် သေဆုံးခဲ့ရပြီး အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ခန့်ရှိနေကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ဘာသာရေးနှင့် လူမျိုးရေး အခြေခံသည့် မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုများ ရှေ့တန်းတင် လှုံ့ဆော်မှုများ ကြောင့် မင်းမဲ့စရိုက်များ ကျယ်ပြန့် ကြီးမားလာ၍ အခြေအနေများ တည်ငြိမ်အေးချမ်းသွား စေရေးအတွက် ပြည်သူများ အနေနှင့် အစိုးရနှင့် လက်တွဲကာ ပူးပေါင်းပါဝင် ထိန်းသိမ်းဖော်ဆောင်ပေးကြရန် သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံ ထားသည်။