အစိုးရတွင် နိုင်ငံရေး ဆွေးနွေးရန် သဘောထား မရှိဟု မွန်ပြည်သစ် ပြော

အစိုးရတွင် နိုင်ငံရေး ဆွေးနွေးရန် သဘောထား မရှိဟု မွန်ပြည်သစ် ပြော
by -
မဇ္စျိမ

နိုင်ငံတော် အစိုးရဘက်မှ အပစ်အခတ် ရပ်စဲရေးကိုသာ လိုလားပြီး နိုင်ငံရေး ဆွေးနွေးရန် အတွက် လိုလားဟန် မရှိကြောင်း ပြည်သူလူထုနှင့် တွေ့ဆုံပွဲတရပ်တွင် မွန်ပြည်သစ်ပါတီက ပြောကြားလိုက်သည်။

“သူတို့ (အစိုးရ) က ကျနော်တို့ကို ရွေးကောက်ပွဲ ဝင်ဖို့၊ လွှတ်တော် ရောက်မှ နိုင်ငံရေး ဆွေးနွေးပြီး ဖွဲ့စည်းပုံကို ပြင်ဆင်သွားဖို့ ပြောတယ်။ ဒီလိုပြောလိုက်တာဟာ ကျနော်တို့နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာကို ရှောင်လွှဲလိုတဲ့ သဘောပဲ” ဟု တနင်္ဂနွေနေ့က ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ပြုလုပ်သည့် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ တွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားလိုက်ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် မေလဆန်းတွင် ပြန်လည် ဖွဲ့စည်းပေးလိုက်သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့သစ်မှ စက်မှုဝန်ကြီး ဦးစိုးသိန်းက လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းပြီးပါက လွှတ်တော် တွင် သဘောတူချက် ယူရန် လွှဲပြောင်းသွားမည် ဟူသည့် ပြောဆိုချက်ကြောင့် မွန်ပြည်သစ်အနေနှင့် အထက်ပါအတိုင်း ရှုမြင်ပြောဆိုခြင်း
ဖြစ်သည်။

“အရင်ကတည်းကလည်း သူတို့ဘက်က ဒီအမြင်တွေ ရှိတယ်။ ဒါပေမယ့် မပေါ်လွင်ဘူး။ ထုတ်ပြီးလည်း သူတို့ မပြောဘူး။ အခု ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ သဘောထားဟာ ပိုပြီးပေါ်လွင် လာတယ်” ဟု နိုင်ဟံသာက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးစဉ် တွင် အပစ်အခတ် ရပ်စဲချိန်မှ စ၍ ၄၅ ရက်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် မွန်ပြည်သစ်၏ တောင်းဆိုချက် ပါဝင်သည်။

ထို့ပြင် “လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ် ရပ်စဲပြီးစီးပါက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များ နိုင်ငံရေးဆွေးနွေး ဖေါ်ဆောင် သွားရန်၊ အကယ်၍ မိမိတို့နှင့် အပစ်အခတ် ရပ်စဲချိန်မှ စပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပါက စုစည်းနိုင်သော အပစ်ရပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်တို့ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖေါ်ဆောင်သွားရန်” စသည်တို့လည်း ပါဝင်သည်။

သို့သော်လည်း အပစ်အခတ် ရပ်စဲချိန်မှ စပြီး ပွင့်လင်းမြင်သာသည့် နိုင်ငံရေး ဆွေးနွေးမှုများ မလုပ်ဆောင် ရသေးကြောင်း၊ တပ်တည်နေရာ ချထားရေး၊ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက်သာ ဆွေးနွေးနိုင်သေးကြောင်း မွန်ပြည်သစ်၏မဟာမိတ် နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်း က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် မွန်ပြည်သစ်ပါတီ၏ ဆက်ဆံရေးရုံး ခြောက်ရုံးနှင့် စီးပွားရေးရုံး နှစ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး၊ စီးပွားရေး လုပ်ငန်းအဖြစ် ရေးချောင်းဖျားဒေသ ပါတီဌာနချုပ် ဝန်းကျင် ပသာတောမှ သစ်တန်ချိန် ၂ဝ,ဝဝဝ ထုတ်လုပ်ရန် စသည်တို့ကို အစိုးရနှင့် သဘောတူချက် ရရှိခဲ့သည်။

လတ်တလောတွင် မွန်ပြည်သစ်အနေနှင့် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် နယ်စပ်ဒေသတွင် အပစ်အခတ် ရပ်စဲရေး အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံ ဆွေးနွေးပြီး အကြံဉာဏ်များ တောင်းခံလျက် ရှိကာ နှစ်လ တကြိမ်ခန့် ပုံမှန်လုပ်ဆောင်သွားမည်ဟုလည်း နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

မော်လမြိုင်ခရိုင်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဝင်းလှ ဦးဆောင်သည့်အဖွဲ့၊ သထုံခရိုင်တွင် ပါတီ ဒုဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့်အဖွဲ့၊ ထားဝယ်ခရိုင်တွင် ပါတီဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့် အဖွဲ့နှင့် နယ်စပ်နှင့် ထိုင်းနိုင်ငံဘက်တွင် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့တို့ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးဆဲ ဖြစ်ပြီး တပတ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။