မသီတာထွေးအမှု တရားခံများအား သေဒဏ်ချလိုက်ပြီ

မသီတာထွေးအမှု တရားခံများအား သေဒဏ်ချလိုက်ပြီ
by -
မဇ္စျိမ

မသီတာထွေး အား အဓမ္မပြုကျင့်မှု၊ ပစ္စည်းလုယက်မှုနှင့် သတ်ဖြတ်ခဲ့မှုတို့ ကျူးလွန်သူ တရားခံများအား ကျောက်ဖြူခရိုင် တရားရုံးမှ တနင်္လာနေ့က သေဒဏ် ချမှတ်လိုက်သည်။

ရုံးတော်တွင် တရာခံနှစ်ဦးဖြစ်သူ ရော့ပီး၊ ခိုချီးတို့ နှစ်ဦးနှင့် မိမိကိုယ့်ကို အဆုံးစီရင်သွားပြီးဖြစ်သူ ထက်ထက်တို့အား ပြစ်မှုထင်ရှားသဖြင့် တရားသူကြီး ဒေါ်ဌေးဌေးကြည်က သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“မုဒိမ်းမှုက သေဒဏ်ချလို့ မရဘူး။ ဒီမုဒိမ်းမှုနဲ့ လုယက်မှု ပြစ်မှုနှစ်ခုကို ကျူးလွန်ပြီးချိန်မှာ လူသတ်မှု ကျူးလွန်တဲ့ အတွက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ (ဂ) ဆိုတာနဲ့ အကြံုးဝင်သွားတာ။ အဲဒီပြစ်မှု တွေကို ကျူးလွန်တယ် ဆိုပြီး သုံးသပ်ပြီးတော့ နောက်ဆုံး သေဒဏ်ချလိုက်တာ” ဟု မဇ္စျိမကို ပြောသည်။

မသီတာထွေးအမှုအား ကျောက်ဖြူခရိုင်တရားရုံးမှ ဇွန်လ ၈ ရက်နေ့တွင် ပထမဆုံး ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ရုံးဖွင့်ရက်တိုင်း ဆက်တိုက်စစ်ဆေးလာခဲ့ရာမှ ဇွန်လ ၁၈ ရက်နေ့ သတ္တမ ရုံးချိန်း (အခင်းဖြစ် ပွားပြီး ၂၁ ရက်အကြာ) တွင် ယခုကဲ့သို့ စီရင်ချက် ချမှတ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

တရားခံများဘက်မှ ရ ရက်အတွင်း အယူခံခွင့်ရှိကြောင်းလည်း “သေဒဏ်အမိန့် ဆိုတာက နေပြည်တော် တရားလွှတ်တော်ချုပ်က ရ ရက်အတွင်း အတည်ပြုရမယ်။ နောက်ပြီးတော့ တရားခံဘက်ကလည်း ရ ရက်အတွင်း အယူခံတက်ရမယ်။ ဒီသေဒဏ် အမိန့် အတည်ဖြစ်တာက တရားလွှတ်တော်ချုပ်ကအတည် ပြုတဲ့ နေ့မှာမှ အတည် ဖြစ်မယ်” ဟု ကိုယ်တိုင် ရှေ့နေတဦးလည်းဖြစ်သူ ဦးဘရှိန်က မဇ္စျိမကို ပြောသည်။

အယူခံတင်/မတင် မသိရှိရသေးသော်လည်း အမိန့်ချမှတ်စဉ်တွင် တရားခံများဘက်မှ မကျေမချမ်းဖြစ်သည့် အမူအရာ ပြသခြင်း မရှိကြောင်း သိရသည်။

လာရောက်နားထောင်သည့် ၃ဝ ကျော်ရှိပြီး တစုံတရာ အနှောက်အယှက် မရှိဘဲ ရုံးတော်မှ အမိန့်ချမှတ် သွားကြောင်း သိရသည်။

ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့၍ ရော့ပီးနှင့် ခိုချီးတို့ နှစ်ဦးမှာ ယခုအခါ ကျောက်ဖြူအကျဉ်းထောင်တွင် ရှိကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းရွာမှ အသက် ၂၆ နှစ်အရွယ် မသီတာထွေး အား အဓမ္မပြုကျင့်ကာ ပစ္စည်းလုယက်၍ သတ်ဖြတ်ခံခဲ့ရ၍ ဒေသခံ ရဲအဖွဲ့မှ ထက်ထက်၊ ရော်ပီးနှင့် ခိုချီးတို့ သုံးဦးအား မသင်္ကာ၍ ညတွင်းချင်း ဖမ်းဆီးခဲ့ကြသည်။

ထိုအဖြစ်အပျက်မှ စတင်၍ ရခိုင်ပြည်နယ်တွင်းတွင် လက်စားချေ သတ်ဖြတ်မှုများ၊ လူမျိုးရေးအမုန်းပွား မှုများ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာကာ လူပေါင်း ၅ဝ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။

ဆူပူ အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာ၍ “အရေးပေါ် အခြေအနေ” ကို ဇွန်လ ၁ဝ ရက်နေ့က သမ္မတ အမိန့်ဖြင့် တပြည်နယ်လုံးသို့ ထုတ်ပြန်လိုက်ပြီး နယ်မြေ အေးချမ်းတည်ငြိမ်ရေးအတွက် စစ်တပ်မှ ပါဝင်ဆောင်ရွက်နေ သည်။

Most read this week