မေလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာသူ မသီတာထွေး အား အဓမ္မပြု သတ်ဖြတ်ကာ ပစ္စည်း လုယက်မှုတို့ဖြင့် စွပ်စွဲခံရသူ ရော့ပီးနှင့် ခိုချီး တို့ နှစ်ဦးက အဓမ္မပြုကျင့်မှု ကျူးလွန် ခဲ့ကြောင်း ဝန်ခံဖြောင့်ချက် ပေးသော်လည်း လူသတ်မှုနှင့် လုယက်မှုကိုမူ မကျူးလွန်ခဲ့ကြောင်း ကြာသပတေးနေ့ ရုံးတော်တွင် ငြင်းလိုက်ကြသည်။
မနက်ပိုင်းက ကျောက်ဖြူ ခရိုင်တရားရုံးတွင် တရားသူကြီး ဒေါ်ဌေးဌေးကြည်က ကြားနာခဲ့ရာတွင် စွပ်စွဲခံရသူ နှစ်ဦး ဘက်မှ တရားခံပြ သက်သေ တင်ပြခြင်း မရှိ၍ ခရိုင်ဥပဒေအရာရှိ ဦးစောမြ က ရုံးတော်သို့ စွဲချက် တင်သွင်းခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
“တရားခံဘက်က ပြစ်မှုဥပဒေပုဒ်မ ၃၇၆ မုဒိန်းမှုကိ်ု သူတို့ကဝန်ခံပြီးတော့ ကျန်နှစ်မှုကို ငြင်းတယ်။ ဒါပေမယ့် ပစ္စည်းလုတဲ့ စွဲချက်ရယ်၊ လူသတ်တဲ့ စွဲချက်ရယ် ဒီနှစ်ခုကို ငြင်းတယ်လို့ သိရပါတယ်။ ငြင်းတဲ့အတွက်ကြောင့် မနက်ဖြန်ခါ ရုံးချိန်မှာ တရားခံ နှစ်ယောက်ကို စစ်မယ်” ဟု မဇ္စျိမကို ပြောသည်။
ရုံတော်တွင် ဝန်မခံသည့် ယင်းအမှုများအတွက် ဆက်လက် ထုချေရမှာဖြစ်ပြီး တရားရုံးတော်က ဆက်လက်ကြားနာ စစ်ဆေးသွားမှာဖြစ်ကြောင်း ဦးဘရှိန်က ဆက်ပြောသည်။
“ဝန်မခံတဲ့ဟာကတော့ ဥပမာ ပစ္စည်းမယူဘူးပေါ့ဗျာ၊ မယူရင် မယူဘူးဆိုတဲ့အကြောင်း သူပြောပေါ့။ လူသတ်တဲ့ ဟာမှာ သူ မပါရင် မပါတဲ့အကြောင်း သူပြောပေါ့” ဟု ဆိုသည်။
ထိုအမှုတွင် စွပ်စွဲခံရသူ သုံးဦးအနက် ထက်ထက် (ခ) ယော်ရှီး (ခ) ဖြိုးဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင်တွင် ခါးဝတ်ပုဆိုးဖြင့် ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့၍ ရော့ပီးနှင့် ခိုချီး တို့ဦး နှစ်ဦးသာ အမှုကို ဆက်လက်ရင်ဆိုင် သွားရန်ရှိသည်။
ယင်းအမှုတွင် တရားလိုဘက်မှ သက်သေ ၂၄ ဦး၏ သက်သေထွက်ဆိုချက်များ ရှိပြီး စွပ်စွဲခံရသူများဘက်မှ လိုက်ပါ သည့် သက်သေ မရှိသေးကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့် မေလ ၂၈ ရက်နေ့ ညတွင်ပင် မသင်္ကာသူ သုံးဦးကို ဒေသခံရဲများက ဖမ်းဆီးထား ခဲ့သည်။ ရုံးတင် စစ်ဆေးမှုများကို ဇွန်လ ၈ ရက်နေ့ (သောကြာနေ့)မှ စတင်ကြားနာခဲ့ပြီး ငါးရက်တိုင် ဆက်တိုက် စစ်ဆေးနေခြင်း ဖြစ်သည်။
မသီတာထွေး အဖြစ်အပျက်မှ စတင်၍ ရခိုင်ပြည်နယ်တွင်းတွင် လက်စားချေ သတ်ဖြတ်မှုများ၊ လူမျိုးရေး အမုန်းပွားမှု များ၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး “အရေးပေါ် အခြေအနေ” ကို နိုင်ငံတော်သမ္မတ က ရခိုင်တပြည်နယ် လုံးအား ရက်အကန့်အသတ်မရှိ ထုတ်ပြန်ကြေညာရသည်အထိ သည်းသန် ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း လတ်တလော ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများကြောင့် ဇွန်လ ၈ ရက်မှ ၁၁ ရက်နေ့အတွင်း လူ ၂၁ ဦး သေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ဇွန်လ ၁ဝ ရက်နေ့တွင် ရခိုင်ပြည်နယ်အား အရေးပေါ်အခြေအနေ ကြေညာ ထုတ်ပြန်ထား သော်လည်း ယခုချိန်ထိ အခြေအနေမှာ တည်ငြိမ်းအေးချမ်းခြင်း မရှိသေးပေ။