ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ပွင့်လင်းမှု မရှိဟု စစ်တမ်းဆို

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ပွင့်လင်းမှု မရှိဟု စစ်တမ်းဆို
by -
မဇ္စျိမ

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရမည့် ဒေသခံများအား လျော်ကြေး များ ပေးရာတွင် ပွင့်လင်းမရှိကြောင်း ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ DDA က ပြောဆိုလိုက်သည်။  

htwai

“ထားဝယ် အထူးစီးပွားရေးဇုန် ဒေသခံများ၏ နားလည်သဘောပေါက်မှု” (Local People’s Understandings of the Dawei Special Economic Zone) အမည်ရ သုတေသန စစ်တမ်းမှ ရရှိချက်များကို ရန်ကုန်မြို့တွင် DDA က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဓိက မြေယာကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတယ်။ တချို့နေရာမှာ လျော်ကြေး မပေးတာတွေ ရှိတယ်။ အဓိကတော့ ပွင်းလင်းမြင်သာမှု မရှိဘူး ဒီပရောဂျက်က။ ဘယ်အချိန်မှာ ဘယ်သူ့ကို လျော်ကြေး ဘယ်လောက် ပေးတယ် ဆိုတာ သေသေချာချာ မပြောဘူး” ဟု DDA ရန်ကုန်မြို့ ညွန်ကြားရေးမှူး ကိုဘိုဘိုအောင် က မဇ္စျိမကို ပြောသည်။

ဒေသခံ ရွာသားများနှင့် ကုမ္ပဏီတို့အကြား ညှိနှိုင်းဖြေရှင်းပေးရန် မက်စ်မြန်မာနှင့် ITD ကုမ္ပဏီတို့ ပူးပေါင်းထားသည့် ထားဝယ်အထူးစီးပွားရေးဇုံ အထောက်ကူပြု ကော်မတီ (Dawei Special Economic Zone Suporting Committee) က ဒေသခံများအား ဆုံးရှုံးမြေယာအတွက် ၁ဝ ရာခိုင်နှုန်း လျော်ကြေး ပေးပြီးဖြစ်ကြောင်း ပြီးခဲ့သည့် တလခန့်က ပြောဆိုသော်လည်း ပွင့်လင်းမှု မရှိကြောင်း ကိုဘိုဘိုအောင် က ပြောသည်။

“ကျနော်တို့ မေးထားတာ၊ ဒေသခံတွေကို။ ဘာမှ မသိကြဘူး။ စိုးရိမ်နေတယ်။ ကုမ္ပဏီတွေက သူတို့ လုပ်ချင်သလို လုပ်တယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ တချို့ ပိုင်ရှင်နဲ့ ရုံးကို ခေါ်ပြီးတော့ တယောက်ချင်း ပေးတာတွေ ရှိတယ်။ တယောက်နဲ့တယောက် ဘယ်လောက်ပေးတယ်ဆိုတာ မသိကြဘူး” ဟု ကိုဘိုဘိုအောင်က ဆက်ပြောသည်။

ထုတ်ဝေသော စစ်တမ်းမှာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာမှစတင်၍ ၂ဝ၁၂ ခုနှစ် မတ်လထိ၊ လေးလကြာ ထားဝယ်
ရေနက်ဆိပ်ကမ်း စီမံကိန်းနေရာဒေသအတွင်း ကွင်းဆင်း မေးမြန်း လေ့လာခဲ့ခြင်းမှ ရရှိချက်များ ဖြစ်သည်။

လောကအလင်းအဖွဲ့နှင့် DDA အဖွဲ့တို့မှ လူငယ် ၂ဝ ကျော်အား သုတေသန ပညာရပ် သင်ကြားပေးခဲ့ပြီး ထိုစီမံကိန်း အတွင်း နေရာ ခုနှစ်ခုတွင် ဒေသခံ ရွာသားများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ၊ ဒေသခံ ၁၅ဝ ကျော်နှင့် အင်တာဗျုး မေးမြန်းထားထားသည်ဟု ဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ဒေသခံများအတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ကိုးခုက အိမ်ခြေ ၃ဝဝ ကျော်ဆောက် လုပ်ပေးနေပြီ ဖြစ်ပြီး လာမည့် စက်တင်္ဘာလတွင် ရွာ ခြောက်ရွာ ပထမဆုံး ပြောင်းရွှေ့ ဖွယ်ရှိကြောင်း သိရသည်။

စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၉ ရွာ လူဦးရေ ၃၂,၂၇၉ ဦး၊ စာသင်ကျောင်း ၂၁ ကျောင်းနှင့် ဘာသာရေး အဆောက်အအုံ ၂၃ ခု ဖယ်ရှားခံရမည် ဖြစ်ကြောင်း ထားဝယ်ဒေသ DDA အဖွဲ့က ပြုစုထားသော စာရင်းများအရ သိရသည်။

စီမံကိန်းသည် တနင်္သာရီတိုင်း၊ သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ရေဖြူမြို့နယ်၊ နဖူးလယ်ကျေးရွာအနီးတွင် ရှိသည်။

နအဖ အစိုးရလက်ထက် ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံ Italian-Thai Development Public Co.Ltd နှင့် နားလည်မှု စာချွန်လွာ လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် ရ၅ နှစ် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။ စီမံကိန်းကို ၂ဝ၁၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် ပထမအဆင့်၊ ၂ဝ၁၄ မှ ၂ဝ၁၇ ထိ ဒုတိယအဆင့်၊ ၂ဝ၁၅ မှ ၂ဝ၁၉ ထိ တတိယအဆင့်ဟူ၍ သတ်မှတ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

ITD ကုမ္ပဏီက ၎င်းတို့၏ ရေရှည်ဘဏ္ဍာရေး စီမံကိန်းများကို ၂ဝ၁၂ ခုနှစ် မကုန်မီ အပြီးသတ် ရေးဆွဲနိုင်တော့မည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta က ဧပြီလကုန်ပိုင်းတွင် ပြောကြားခဲ့သည်။