အလုပ်သမားသမဂ္ဂများဖွဲ့ရန် စက်မှုဝန်ကြီး ထောက်ခံ

အလုပ်သမားသမဂ္ဂများဖွဲ့ရန် စက်မှုဝန်ကြီး ထောက်ခံ
by -
မဇ္စျိမ

မေလ ဝန်းကျင်အတွင်း အလုပ်သမား ဆန္ဒပြပွဲများနှင့် ပတ်သက်၍ အဖြေရှာ ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အလုပ်သမား အရေး ကိစ္စများ ကာကွယ် ဖြေရှင်းပေးမည့် သမဂ္ဂအဖွဲ့အစည်းများ အမြန်ဆုံး ဖွဲ့စည်းရန် ထောက်ခံပြောဆိုသည်။ 

ချတ်ထရီယံ ဟိုတယ်တွင် တနင်္ဂနွေနေ့က ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ဝန်ကြီးက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိ အလုပ်သမားရေးရာ ပြဿနာများကို အစိုးရအဖွဲ့နှင့် နိုင်ငံတော် သမ္မတထံသို့ ဆက်လက် တင်ပြပေးသွားမည်ဟု ပြောဆိုသည်။

“အလုပ်သမားအဖွဲ့တွေ အမြန်ဖွဲ့ပါ။ သမဂ္ဂပဲခေါ်ခေါ်၊ ဘာခေါ်ခေါ် ဖွဲ့ပါ။ အလုပ်သမား အဖွဲ့တွေ ဖွဲ့ဖို့၊ Civil Society တွေကကော၊ နိုင်ငံရေးပါတီတွေကကော ကူညီကြပါ။ မြန်မြန်ဖွဲ့ပါ” ဟု ဝန်ကြီး ဦးစိုးသိန်း က ဆိုသည်။
အလုပ်သမားအဖွဲ့တွေ အမြန်ဖွဲ့ပါ။ သမဂ္ဂပဲခေါ်ခေါ်၊ ဘာခေါ်ခေါ် ဖွဲ့ပါ။ အလုပ်သမား အဖွဲ့တွေ ဖွဲ့ဖို့၊ Civil Society တွေကကော၊ နိုင်ငံရေးပါတီတွေကကော ကူညီကြပါ။ မြန်မြန်ဖွဲ့ပါ (ဓါတ်ပုံ လင်းဘိုဘို/ မဇ္ဈိမ)
အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာပါက အလုပ်သမား လိုအပ်ချက်များ ပိုမိုရှိလာနိုင်ပြီး အလုပ်သမား တို့၏ အနေအထား အားကောင်းလာနိုင်သည်ဟု ဦးစိုးသိန်းက ခန့်မှန်းပြောဆိုပြီး အလုပ်သမားဝန်ကြီးဌာနဘက်မှ အလုပ်သမားရေးရာ အရာရှိများအနေဖြင့် အလုပ်သမားအခွင့်အရေးများ ရအောင် လုပ်ပေးရန်လိုကြောင်း သူကပြောသည်။

“Labor Officer တွေ ထားပြီး Monitor လုပ်ခိုင်းဖို့ လိုမယ်။ အစိုးရဘက်ကလည်း ဒီလိုတွေ ခန့်ထားဖို့ ကျနော် အကြံပြုပါတယ်။ Labor Ministry က Monitor လုပ်ရမယ်။ ၈ နာရီလား၊ ၉ နာရီလား။ ဘာလို့ ဖိနပ်ချွတ်ရလဲ။ ဖိနပ်ချွတ်တဲ့တိုင်းပြည် မရှိဘူး။ စီးရမယ်။ ဖုန်မတက်တဲ့ ဖိနပ်မျိုး စီးရမှာပေါ့။ ထိုင်ရမှာပေါ့။ ခရာမှုတ်ပြီး Break Time ပေးရမှာပေါ့။ စာဖတ်ချိန် ပေးရမှာပေါ့။ လူတွေပဲ၊ လူတွေ။ တိုင်းရင်းသားတွေ၊ မြန်မာတွေ” ဟု စက်မှုဝန်ကြီး က ပြောဆိုခဲ့သည်။

အလုပ်သမားများ၏ အလုပ်ချိန် တောင်းဆိုချက်ကို ကြားသိရ၍ စိတ်ထိခိုက် ခံစားရကြောင်းဆွေးနွေးပွဲတက် သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောသည်။
 အလုပ်သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ သူတို့ကို အလုပ်ချိန်အဖြစ် မနက် ရ နာရီက ည ရ နာရီအထိသာ သတ်မှတ်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက်တခု ကျနော် သွားတွေ့တော့ တော်တော်ပဲ စိတ်မကောင်း ဖြစ်မိပါတယ် (ဓါတ်ပုံ လင်းဘိုဘို/ မဇ္ဈိမ)
“စက်ရုံတခုက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ သူတို့ကို အလုပ်ချိန်အဖြစ် မနက် ရ နာရီက ည ရ နာရီ အထိသာ သတ်မှတ်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက်တခု ကျနော် သွားတွေ့တော့ တော်တော်ပဲ စိတ်မကောင်း ဖြစ်မိ ပါတယ်။ တနေ့ ၈ နာရီ ဆိုတဲ့ အလုပ်သမား အခွင့်အရေးကို နားမလည်ဘဲ သူတို့အခွင့် အရေး တောင်းနေတာ။ တနေ့ အလုပ်ချိန် ၁၄ နာရီအစား ၁၂ နာရီလောက် သတ်မှတ်ပေးရင် သူက တော်တော် ကျေနပ်နေပြီဆိုတဲ့ သဘော ရှိပါတယ်။ ကျနော် တော်တော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်” ဟု ပြောဆိုတင်ပြသည်။

အလုပ်ရှင်နှင့် အလုပ်သမားအကြား ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပြဿနာကို အဖြေရှာရမည် ဖြစ်ကြောင်း ကိုကိုကြီး က ထောက်ပြပြီး အခက်အခဲအတွက် ဆန္ဒတောင်းဆိုသူများကို ဆူပူအုံကြွခြင်း အဖြစ် မရှုမြင်ရန် တိုက်တွန်းသည်။

“ဆာလောင်သူတွေကို ဆူလောင်သူတွေအဖြစ် မသတ်မှတ်ဖို့ အရေးကြီးပါတယ်” ဟု ကိုကိုကြီးက ဆိုသည်။

၂ဝ၁၂ ခုနှစ် မေလ တလအတွင်း လစာတိုးတောင်းမှု အလုပ်သမားဆန္ဒတောင်းဆိုပွဲ ဖြစ်ပွားသည့် စက်ရုံ ၅၇ ရုံ (လုပ်သားအင်အား ၃၆,၈၁ဝ ဦး) ရှိပြီး၊ လက်ရှိအချိန်အထိ ညှိနှိုင်း ဖြေရှင်းပြီးစက်ရုံ ၃၈ ရုံ (လုပ်သားအင်အား ၂ သောင်းကျော်) သာ ရှိသေးကြောင်း၊ စက်ရုံလုပ်သား ၁ သောင်းခွဲ ဝန်းကျင်ခန့်အရေး ဖြေရှင်းနေဆဲဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ဆွေးနွေးပွဲတွင် ပြောသည်။
စက်ရုံလုပ်သား ၁ သောင်းခွဲ ဝန်းကျင်ခန့်အရေး ဖြေရှင်းနေဆဲဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြော (ဓါတ်ပုံ လင်းဘိုဘို/ မဇ္ဈိမ)
အလုပ်သမားရေးရာ ဝန်ကြီးဌာနတွင် ၂ဝ၁၁ အောက်တိုဘာ ၁၁ က ပြဋ္ဌာန်းသည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေနှင့် ၂ဝ၁၂ မတ်လ ၂၈ တွင် ပြဋ္ဌာန်းသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ဟူ၍ ဥပဒေ နှစ်ရပ် သာ စီမံဆောင်ရွက်ခွင့်ရှိသည့် ပြဋ္ဌာန်းပြီး ဥပဒေအဖြစ် ရှိနေသည်။

လူမှုဖူလုံရေး ဥပဒေ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ လုပ်ခပေးရေး အက်ဥပဒေ၊ အလုပ်သမား လျော်ကြေး အက်ဥပဒေ အပါအဝင် အလုပ်သမား အခွင့်အရေးများ ကာကွယ်ပေးနိုင်မည့် ဥပဒေ ၈ ခုမှာ လက်ရှိတွင် ပြင်ဆင်ရေး ဆွဲဆဲ အနေအထားတွင်ပင် ရှိသေးသည်။

“ဥပဒေပြု လွှတ်တော်က အမတ်တွေကို ကျနော် တခုပဲ မေးချင်ပါတယ်။ တနာရီ ၆၅ ကျပ်နှုန်းနဲ့ ဥပဒေ ရေးဆွဲခိုင်း မယ်ဆို ဖြစ်နိုင်မလားလို့ မေးချင်တယ်” ဟု အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌတဦးက ဆွေးနွေးပွဲတွင် မေးခွန်းထုတ်သွားသည်

Most read this week