သတ္တုတွင်းဝန်ကြီးဌာန လျှောက်လဲချက် တရားရုံး ပလပ်

သတ္တုတွင်းဝန်ကြီးဌာန လျှောက်လဲချက် တရားရုံး ပလပ်
by -
မဇ္ဈိမ

ပြည်တွင်းမှ အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်ပါ သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအချို့၏ ငွေကြေး အလွဲသုံးစားပြုမှုများ ရှိနေသည်ဟု သတင်း ရေးသားသူအား ဖော်ထုတ်ပေးရန် သတ္တုတွင်း ဝန်ကြီးဌာနက လျှောက်ထားချက်ကို ဗုဒ္ဓဟူးနေ့ ရုံးချိန်းမှ ပလပ်(ပယ်ချ)လိုက်သည်။

အသရေဖျက်ခြင်းနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ ဖြင့် The Voice ဂျာနယ်အား စွဲဆိုထားသည့် အမှုတွင် သတင်းရေးသားသူအား ဖော်ထုတ်ခွင့် မရှိကြောင်း ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က အမိန့် ချမှတ်လိုက်သည်ဟု The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။

“ပထမ စွတ်စွဲချက်တခုကို အမိန့်ချလိုက်တာ။ တရားသူကြီးက ကျင့်ဝတ်အရရော၊ ဥပဒေအကြောင်းအရရော အယ်ဒီတာအနေနဲ့ သတင်းထောက်နာမည် ဖော်ထုတ်ခွင့်မရှိဘူး။ တရားရုံးအနေနဲ့လည်း ဒါကို ဖော်ထုတ်ခွင့်မရှိဘူး ဆိုပြီးတော့ ပလပ်လိုက်တယ်”ဟု မဇ္စျိမကို ပြောသည်။

ပြစ်မှုကျင့်ထုံး ဥပဒေ ပုဒ်မ ၁ဝ၁ အရ တရားလိုဘက်မှ တရားစွဲဆိုသူ၏ အမည်အား ဖော်ထုတ်ရန် ပျက်ကွက်ခဲ့သဖြင့် တရားစွဲခံရသူဘက်မှ အနိုင်ရသွားခြင်း ဖြစ်သည်ဟုလည်း ရှေ့နေ ဦးဝင်းရွှေက ပြောသည်။

“ဥပဒေအရ တရားလိုဘက်မှ တရားစွဲမယ်ဆိုရင် ဘယ်သူဘယ်ဝါ ပြစ်မှုကျူးလွန်တယ် အတိအကျ ဖော်ပြရမယ် ဆိုတာ ဖော်ပြထားတယ်။ အခုက သတင်းရေးသားသူလို့ ရေးတော ့နာမည် မပါဘဲ၊ တရား လိုဘက်က ပျက်ကွက်တဲ့ အတွက် ဒီသတင်းရေးသားသူ မရှိဘူးဆိုတာ မှန်တယ်ဆိုပြီး အနိုင်ပေးတယ်”ဟု မဇ္စျိမကို ပြောသည်။

တတိယမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာများ၏ တဦးကိုတဦး ဆက်နွယ်မှု ရှိသည့် အချက်များအပေါ် တရားသူကြီးအနေဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟုလည်း သူက သုံးသပ် သည်။

ထို့ပြင် တရားဥပဒေနှင့်အညီ အသရေဖျက်မှု မမြောက်ကြောင်း ဆက်လက် ချေပသွားမည်ဟုလည်း  အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ဆိုသည်။

“ဒါက တရားစီရင်ရေး မှန်တယ်လို့ ပြောလို့ရမယ်။ ပထမအဆင့်ပေါ့။ ဆက်ပြီး စောင့်ကြည့်ရမှာ။ ကျနော်တို့ကတော့ အများပြည်သူ အကျိုးအလိုငှာ၊ ဘယ်သူ့ကိုမှ ထိခိုက်စေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားဖော်ပြခဲ့တာ မဟုတ်ဘူး။ အသရေဖျက်မှု မမြောက်ဘူးဆိုတာကို ကျနော်တို့ ဆက်လက် ချေပသွားမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ဗုဒ္ဓဟူးနေ့ ပြုလုပ်သည့် ဒဂုံမြို့နယ်တရားရုံးတွင် ကြားနာစစ်ဆေးမှုတွင် ရှေ့နေ ဦးသိန်းညွန့်နှင့် ရှေ့နေ ဦးဝင်းရွှေ တို့ နှစ်ဦးလုံး တက်ရောက်ခဲ့ပြီး ပြည်တွင်း သတင်းထောက် ၃ဝ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု ရှေ့နေ ဦးဝင်းရွှေက ပြောသည်။

ပုဒ်မ ၅ဝဝ သည် အငြင်းပွားဖွယ်ရာ အမှုမျိုးဖြစ်သည့်အတွက် ၄င်းအမှုအား အခြေခံဥပဒေ ခုံရုံးပေါ် ဆုံးဖြတ်ရန် ရှေ့နေ ဦးသိန်းညွန့်တို့ဘက်မှ လျှောက်ထားချက် တင်ခဲ့မှုကို တင်သင့် မတင်သင့် ဇွန်လ ၆ ရက်နေ့မှာ နှစ်ဖက် ရှေ့နေများလျှောက်လဲကြမည် ဖြစ်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝဝ သည် အကယ်၍ ပြစ်မှု မြောက်ပါက ပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ်ကျခံနိုင် သလို၊ ငွေဒဏ်အားဖြင့်လည်း ခံရနိုင်သည်ဟု ရှေ့နေ ဦးဝင်းရွှေက ပြောသည်။

မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင် အမှတ်(၁) သတ္တုတွင်းဝန်ကြီးဌာန ပိုင်ဆိုင်သည့် ပုံရွာကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅ဝ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရော်းချခဲ့ရာ ငွေပေးချမှု၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေသည်ဟု ရေးသားခဲ့ သဖြင့် ဝန်ကြီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။