ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးအဖြစ် ပထမဆုံးအကြိမ် သွားရောက် မည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းအား မြန်မာ့ ဒီမိုကရေစီအရေး ဆက်လက် ပြုပြင်ပြောင်းလဲဖို့အတွက် တွန်းအားပေးရန် အိန္ဒိယ လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများက တိုက်တွန်း တောင်းဆို လိုက်ကြသည်။
မြန်မာသမ္မတနှင့် တွေ့ဆုံသည့်အခါ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအပါ အဝင် တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်ဆင်နေမှုကိစ္စရပ်များပါ ထည့်သွင်းဆွေးနွေးသွားရန် မြန်မာ့ဒီမို ကရေစီအရေး အိန္ဒိယပါလီမန်အမတ်များအဖွဲ့ (IPFDB)က ၎င်းတို့ဝန်ကြီးချုပ်အား တိုက်တွန်းလိုက်သည်။
နှစ်နိုင်ငံဆက်ဆံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းများ တိုးမြှင့်နိုင်ရန် အားပေးထား သော်လည်း ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံပြည်သူများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်မ လာစေရန်လည်း လိုအပ်ကြောင်း အိန္ဒိယနိုင်ငံရေးပါတီ ခေါင်းဆောင်များပါဝင်သည့် IPFDB က ကြေညာချက် ထုတ်ပြန်လိုက်သည်။
ထို့ပြင် အိန္ဒိယ လူထုအခြေပြု လူမှုအဖွဲ့အစည်း ၂၇ ခုကလည်း အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် မြန်မာ ပြည်တွင်း ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍ ထောက်ပြ ပြောဆိုထားသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းမြစ်ပေးတွင် တည်ဆောက်နေသည့် ထမံသီ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသခံ လူဦးရေ ၄၅,ဝဝဝ ကျော်မှာ နေရပ်ရင်း စွန့်ခွါသွားကြရမည်ဖြစ်ကြောင်းလည်း အဆိုပါအဖွဲ့အစည်း များ၏ စုပေါင်း စာချွန်လွှာတွင် ဖော်ပြပါရှိသည်။
“ရွာသား ၂,၄၀၀ မှာ စီမံကိန်းနယ်မြေမှ ၂၀၀၇ ခုနှစ်တွင် အဓမ္မရွှေ့ပြောင်းခံခဲ့ရကာ လျော်ကြေးအဖြစ် တဦးလျှင် ၅ ဒေါ်လာ (ကျပ်ငွေ ၅ ထောင်)သာ ရရှိခဲ့ကြသည်”ဟု ရေးသားထားသည်။
၂ဝဝ၉ ခုနှစ်မှ စတင်ကာ အိန္ဒိယက အကောင်အထည်ဖော်နေသည့် ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံချက်နှင့် ပတ်သက်၍လည်း “ပရောဂျက်အတွက် သစ်တောဧရိယာ ၁၉၆.၇၅ ကတ်တာ ခုတ်ထွင် ရှင်းလင်းပစ်ရမည် ဖြစ်သည်။
ထောင်နှင့်ချီသော ဒေသခံများကိုလည်း ၎င်းတို့၏ အိမ်ယာနှင့်ဘဝများ စွန့်လွှတ်ကြရလိမ့်မည်”ဟုဝန်ကြီးချုပ် အား အသိပေး ပြောဆိုထားသည်။
ထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့်လူမှု သက်ရောက်မှုများ ချင့်ချိန်အကဲဖြတ်မှုလည်း မလုပ် ဆောင်ရသေး ဘဲ ဒေသခံ နှစ်နိုင်ငံလူထုထံသို့လည်း စီမံကိန်းနှင့် ပတ်သက်သည့် လုံလောက်သောသတင်း အချက်အလက်များ မရရှိကြကြောင်း ထောက်ပြ ရေးသားထားသည်။
အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာဆင်းနှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ အတွင်းက နယူးဒေလီတွင် တွေ့ဆုံခဲ့ဖူးကာ နှစ်နိုင်ငံ နိုင်င့ရေး၊ စီးပွားရေးအပြင် နယ်စပ်ရေးရာကိစ္စများလည်း အလေးထား ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏအား ၂ဝ၁၅ ခုနှစ်တွင် ဒေါ်လာသန်း ၃ ထောင်အထိ ဖြစ်လာရန် အိန္ဒိယဘက်မှ အဆိုပြုထားသည်။
အိန္ဒိယက မြန်မာနိုင်ငံတွင် ဆေးဝါးကဏ္ဍ၊ မီးရထားလမ်း၊ ရေနံသဘာဝဓါတ်ငွေ့ တူးဖော်ရေး၊ သတ္တုတူး ဖော်ရေးနှင့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားသည်။
အိန္ဒိယ၏ အကြီးစား ရင်းနှီးမြှုပ်နှံမှု တခုဖြစ်သော ကုလားတန် ဘက်စုံ စီမံကိန်းကိုလည်း ၂ဝ၁၃ ခုနှစ်အတွင်း အပြီး တည်ဆောက်ရန် မျှော်မှန်းထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၂ဝ ကျော် ကုန်ကျမည်ဖြစ်သည်။
၂ဝဝ၄ ခုနှစ်အတွင်းက မြန်မာစစ်အစိုးရနှင့် အိန္ဒိယနိုင်ငံ အမျိုးသား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကော်ပို ရေးရှင်း India’s National Hydroelectric Power Corporation (NHPC) တို့ နားလည်မှု စာချွန်လွှာလက်မှတ် ထိုး၍ တည်ဆောက်ရန် သဘောတူညီခဲ့ကြသည့် ထမံသီ ဆည်ဆောက်လုပ်ရေး စီမံကိန်း သည်လည်း ဒေါ်လာသန်း သုံးထောင် ကုန်ကျမည်ဟူ မူလခန့်မှန်းထားသည်။