ကျမ်းကျိန်စာသား မပြင်ပါက NLD လွှတ်တော် မတက်သေး

ကျမ်းကျိန်စာသား မပြင်ပါက NLD လွှတ်တော် မတက်သေး
by -
မဇ္စျိမ

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုရမည့်စာသား ပြင်ဆင်ရန် ညှိနှိုင်း မရသေးပါက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကိုယ်စားလှယ်များသည် လွှတ်တော် အစည်းအဝေးများကို တက်ရောက်ဦးမည် မဟုတ်ကြောင်း NLD က ပြောကြားလိုက်သည်။

“ကျမ်းကျိန်ဆိုရာမှာ ပါတဲ့ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်’ ဆိုတဲ့ စကားလုံးအစား ‘လေးစား လိုက်နာပါမည်’ ဆိုတဲ့ စကားလုံးနဲ့ ပြောင်းပေးဖို့ သမ္မတဆီ အကြံပြုစာ တင်ထားပါတယ်။ သမ္မတ က တဆင့် အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို တင်မှာပါ။ ဒီ ၂၃ ရက်နေ့ကို မမီရင်လည်း မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းတင်က ပြောသည်။

တတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပရန် ရှိသည်။

NLD သည် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် ၄၃ နေရာ အောင်နိုင်ပြီးနောက် လွှတ်တော် တက်မည်၊ မတက်မည်ကို နိုင်ငံရေးအသိုင်းအဝိုင်းနှင့် မီဒီယာများမှ အမျိုးမျိုးဝေဖန် ခန့်မှန်းလျက်ရှိစဉ် သောကြာနေ့က မီဒီယာများသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရန် စာသားအား ပြင်ဆင်ပေးရန်မှာ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနှင့် မသက်ဆိုင်ကြောင်း ပါတီခေါင်းဆောင် ဦးဉာဏ်ဝင်းအား နေပြည်တော်ရှိ အဆိုပါခုံရုံးက ကြာသပတေးနေ့တွင်
ခေါ်ယူပြောကြားလိုက်သည်ဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ဆိုသည်။

“အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါ့မယ် ဆိုတာကို လက်ခံနိုင်တဲ့ အနေအထား မရှိဘူး။ အဲဒါကြောင့် အဲဒီကိစ္စ ဆက်ပြီးတော့ ဖြေရှင်းနေရတာ။ အဲဒါကြောင့် သွားဖို့ကိစ္စ မသိသေးပါဘူး။ အခြေခံဥပဒေကို လေးစား လိုက်နာပါ့မယ် ဆိုတဲ့ စကားလုံးကို နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေရင် ကျနော်တို့ တက်မှာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။

သမ္မတရုံးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ ထပ်မံ စာတင်ရန်အတွက် ပြင်ဆင်နေပြီး တနင်္လာနေ့ လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း ဇဗ္ဗူသီရိမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြောသည်။

“ကျမတို့ အစိုးရနဲ့ ညှိထားတဲ့ ကိစ္စလေး အစိုးရဘက်က ဘာမှ အကြောင်းမပြန်သေးဘူး ဖြစ်တဲ့အတွက် ကျမတို့ ၂၃ ရက်နေ့ကို လွှတ်တော်တက်ဖို့ မမီပါဘူး”ဟု ပြောသည်။

အနိုင်ရ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ သင်တန်းကို ကြာသပတေးနေ့မှ စ၍ ရန်ကုန်ရုံးချုပ်တွင် ဆွေးနွေးနေကြပြီး ယနေ့မှာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍ လေ့လာခဲ့ကြသည်ဟု ဒေါ်စန္ဒာမင်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် အခြေခံဥပဒေအား လေးစားလိုက်နာပါမည် ဟူသော ပြင်ဆင်ချက်ကြောင့် ပါတီပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။

NLD အနေဖြင့် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား ပြင်ဆင်ရေးအပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူလူထုအား ပြောဆိုထား သည်။

Most read this week