စစ်မှန်သည့် ငြိမ်းချမ်းရေးအား အကောင်အထည် ဖော်နိုင်ရန်အတွက် အစိုးရနှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာခဲ့ရာတွင် အရေးကြီးသော အဆင့်တွင် ရောက်ရှိနေကြောင်း KNU က ဆိုသည်။
“နောက်တဆင့် တက်နိုင်ဖို့ဆိုတာ ကျမတို့ အပစ်အခတ် ရပ်စဲရေး ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာ အပေါ်မှာ မူတည်ပါတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ကဏ္ဍက အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှသာ ကရင်ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်နိုင်မှာဖြစ်ပါတယ်” ဟု KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးမူတြော် က မဇ္စျိမကို ပြောသည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက် ရရှိထားပြီးဖြစ်သည့် KNU အနေနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိအတွက် အဆင့် လေးဆင့် ချမှတ် ဆောင်ရွက်လျက်ရှိရာ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ရန်
ဆွေးနွေးလျက်ရှိကြောင်းလည်း “အခုအဆင့်ဟာ ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေး ရရှိဖို့၊ စနစ်တကျ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကျမတို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်” ဟု နော်မေဦးမူတြော် က ဆက်လက်ပြောဆိုသည်။
အင်္ဂါနေ့က ပဲခူးမြို့ ရွှေဝါထွန်း ဟိုတယ်တွင် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ပြည်နယ်/တိုင်းအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည်။
“နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေအားလုံး လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဆွေးနွေးဖြစ်ကြပါတယ်။ ဒီကျင့်ဝတ်တွေ လိုက်နာမှပဲ ပြည်သူလူထုဘဝ လုံခြံုမှုကို အာမခံနိုင်မယ့်၊ အနှစ်သာရရှိတဲ့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည် ဖော်နိုင်မယ်” ဟု KNU ကိုယ်စားလှယ်က ပြောသည်။
ဆွေးနွေးပွဲတွင် ပဏာမ သဘောတူညီချက်ပါ အချက် ငါးချက်အနက် နှစ်ဖက်ပစ်ခတ်မှုများ ရပ်စဲရေး၊ သတ်မှတ်နေရာ များမှအပ အခြားနေရာများသို့ လက်နက်ကိုင်ဆောင်င မသွားရန်၊ နှစ်ဖက်သဘောတူထားသည့် သတ်မှတ်နေရာများ တွင်သာ နေထိုင်ရန်နှင့် ဆက်ဆံရေးရုံးများ နှစ်ဖက်သဘောတူ သတ်မှတ်ဖွင့်လှစ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း KNU ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ဧပြီလ ၄ ရက်နေ့ကလည်း ရထားဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့်
ပြည်နယ်/တိုင်း အဆင့် ဆွေးနွေးပွဲတကြိမ်ကို ဘားအံမြို့တွင် ပြုလုပ်ခဲ့ပြီး ဧပြီလ ၆ ရက်နေ့ကလည်း ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြသေးသည်။
“ပြည်ထောင်စု အဆင့်မှာပဲဖြစ်ဖြစ်၊ ပြည်နယ်အဆင့်မှာပဲဖြစ်ဖြစ် ဆွေးနွေးတဲ့အခါမှာ သမ္မတ က ခန့်ထားတဲ့ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ကတော့ အမြဲတမ်း ပါနေမှာပဲ။ ပြည်နယ်အဆင့် ဆွေးနွေးတယ် ဆိုတာက လက်တွေ့ အကောင်အထည်ဖော်ဖို့၊ လက်တွေ့ အလုပ်လုပ်ဖို့၊ စနစ်တကျရှိဖို့အတွက် တိုင်းမှူးတွေ၊ ပြည်နယ်/တိုင်းအဆင့် အုပ်ချုပ်ရေးမှူးတွေရဲ့တာဝန်ကလည်း အများကြီးရှိတယ်။ သူတို့ကနေ ချမှတ်ပြီး ကြီးမှူးလုပ်ဆောင်သွားရမယ့် အလုပ်တွေ အများကြီးရှိတာကို။ ဒါပေမယ့် ဦးဆောင်မှု ပေးတာကတော့ ပြည်ထောင်စုအဆင့်အဖွဲ့က ပေးတယ်လို့ နားလည်ရပါတယ်” ဟု KNU ပြောခွင့်ရ နော်မေဦးမူတြော် က မဇ္စျိမကို ပြောသည်။
ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရန်အတွက် ပြည်နယ်အဆင့် ဆွေးနွေးပွဲများတွင် အပစ်ရပ်ကာလ အတွင်း နှစ်ဘက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်များကို နှစ်ဖက်ညှိနှိုင်းရေးဆွဲရန် သဘောတူခဲ့ကြသည်ဟု သိရသည်။
KNU မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေးအတွက် အဆင့်များမှာ “ပထမအဆင့်က မဏာမ အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့်က ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး၊ တတိအဆင့်က နိုင်ငံရေးဆွေးနွေးရေးနဲ့ စတုတ္ထအဆင့်က
နိုင်ငံရေးမှာ ပါဝင်လာဖို့ပဲ ဖြစ်ပါတယ်” ဟု KNU ကိုယ်စားလှယ်က ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အနေဖြင့် ဦးစွာအားဖြင့် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပါတီများ ထူထောင်ကာ လွှတ်တော်တွင်း နိုင်ငံရေးဆွေးနွေးရန် တင်ပြထားသည်။
KNU အနေဖြင့် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးများကို တဆင့်ပြီးတဆင့် ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း အင်္ဂါနေ့ထုတ် ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ရာစုနှစ် တဝက်ကျော်ကြာ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် KNU သည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ နှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပထမဆုံး ပြည်နယ်အဆင့် တရားဝင်တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး အတွက် ပဏာမ သဘောတူညီမှု စတင်ရရှိခဲ့သည်။
ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခဲ့ရာ ဦးသိန်းစိန်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသည်ကို မြင်ခဲ့ရကြောင်း KNU ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နော်ဇီဖိုးရာစိန် က ပြောဆိုသွားခဲ့သည်။
တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရာတွင် KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း အသိပေး ဆွေးနွေးခဲ့သည်ဟု နော်ဇီဖိုးရာစိန် က ပြောသည်။