၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အနောက်နိုင်ငံ ခေါင်းဆောင်တဦးအဖြစ် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကမရွန်း David Cameron ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ သမ္မတ ဦးသိန်းစိန် အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံရန်ရှိကြောင်း သိရသည်။
“အဲဒါ ဟုတ်ပါတယ်ခင်ဗျ။ အချိန်အတိအကျတော့ မပြောနိုင်သေးဘူးခင်ဗျ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ် မဆွေးနွေးဖြစ်သေးပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် က မဇ္စျိမကို ပြော သည်။
မစ္စတာ ကမရွန်းအနေဖြင့် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး တနေ့တည်းမှာပင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံရန်ရှိကြောင်း လန်ဒန်ထုတ် The Independent သတင်းစာကြီးက မြန်မာအစိုးရ အရာရှိတဦးအား ကိုးကား၍ ရေးသားထားသည်။
ဗြိတိန်ဝန်ကြီးချုပ်၏ ယခုခရီးစဉ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် မြန်မာအစိုးရနှင့် ပုံမှန်ဆက်ဆံရေး ထားရှိရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း ပြသရန်အတွက် အရေးပါသည့် ခရီးစဉ်တခု ဖြစ်နေသည်။
အမေရိကန် အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတဦးအား မကြာမီ ခန့်အပ်ဖွယ် ရှိနေသည့် အတွက် အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် “ပုံမှန်ဆက်ဆံရေးတွေ ဖြစ်ဖို့ ပြန်ကြိုး စားနေကြတာတော့ အမှန်ပဲဗျ” ဟု ဦးအုန်းကြိုင် က သုံးသပ်သည်။
ယခုခရီးစဉ်တွင် ထိပ်တန်း ဗြိတိသျှ စီးပွားရေး ကုမ္ပဏီကြီးများလည်း လိုက်ပါလာမည်ဖြစ်ရာ မစ္စတာကမရွန်း နေဖြင့် အခြား အနောက်နိုင်ငံများထက် ဦးစွာ ကိုလိုနီဟောင်း မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ ရရှိစေရန် ဆောင်ရွက်သွားဖွယ်ရှိသည်ဟု The Independent က ယူဆသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ် William Hague ၏ ဇန်နဝါရီလ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် နှစ်ကြိမ် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးသည့် အကြောင်းအရာကိုမူ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ထို့ပြင် နေပြည်တော်၌ အစိုးရခေါင်းဆောင်များနှင့် ဝီလျံဟိတ် တွေ့ဆုံခဲ့သော်လည်း နိုင်ငံပိုင်သတင်းစာ များတွင် “နှစ်နိုင်ငံနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး” ကိစ္စများ ဆွေးနွေးခဲ့သည်ဟုသာ ဖော်ပြခဲ့ သည်။
သို့သော် မစ္စတာဟိတ် ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် “ဗြိတိန်နိုင်ငံနဲ့ ဗြိတိသျှ နိုင်ငံရေးသမားတွေဟာ ကျမတို့နိုင်ငံကို တန်ဖိုးမဖြတ်နိုင်တဲ့ ထောက်ခံမှုတွေ ၂၃ နှစ်လုံးလုံး ပေးခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားချက်ကို ကောက်နုတ် ဖော်ပြခဲ့သည်။
ဝီလျံဟိတ် ထိုသို့ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဗြိတိသျှ ဘဏ်ကြီးတခုဖြစ်သည့် Standard Chartered Plc က မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လိုကြောင်း ပြောဆိုခဲ့ဖူးသည်။
ဒေါ်အောင်ဆန်စုကြည် အနေနှင့်လည်း ဇန်နဝါရီလ ၃၁ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဌာန Department for International Development- DFID ၏ အကူအညီဖြင့် ပြုလုပ်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများသို့ ရန်ကုန်အခြေစိုက် ဗြိတိန်နှင့် သြစတြေးလျ သံအမတ်များနှင့်အတူ သွားရောက် လေ့လာခဲ့ဖူးသည်။
၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ လလယ်ပိုင်းက ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဝန်ကြီး အင်ဒရူးမစ်ချယ်လ်၏
မြန်မာနိုင်ငံ ခရီးစဉ်တွင် DFID အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နေလျက် ရှိရာတွင် ယင်းလုပ် ငန်းများ၌ လိုအပ်ချက်များကို NLD နှင့် နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
DFID မှ မြန်မာနိုင်ငံ ပညာရေးနှင့် ကျန်းမာရေးအတွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ လေးနှစ်တာအတွင်း ခန့်မှန်းခြေပေါင်စတာလင် သန်း ၁၈၀ (အမေရိကန်ဒေါ်လာ သန်း ၃၀၀) ကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊ နိုင်ငံတကာနှင့် ဒေသခံ NGO များ၊ ရပ်ရွာအဖွဲ့ အစည်းများမှတဆင့် ကူညီပေးသွားရန်ရှိသည်။
၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး ဆွေးနွေးခြင်း၊ NLD ပါတီအား လွှတ်တော်နိုင်ငံရေးတွင် ပါ၀င်ခွင့်ရရန် ဆောင်ရွက်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အား တရားမျှတစွာ ကျင်းပပေးခြင်းတို့ကြောင့် မူလက ချမှတ်ထားသော စီးပွားရေး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချသွားရန် အမေရိကန်နှင့် အနောက်နိုင်ငံများတွင် သဘောထားများ ဖြစ်လာကြသည်။
အခြားနိုင်ငံများအနေဖြင့် ပိတ်ဆို့မှုအားလုံး ရုတ်သိမ်းပစ်ရန် ဆန့်ကျင်ကြသော်လည်း ဗြိတိန်နှင့် စကင်ဒီနေးဗီးယန်း (နော်ဝေ၊ ဆွွီဒင်၊ ဒိန်းမက်)နိုင်ငံများအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ် ပေါ်လာစေရန် “တဆင့်ချင်း ချဉ်းကပ်သွားရန်” သဘောရကြောင်း ဥရောပ သံတမန်များက ဆိုသည်။
မစ္စတာကမရွန်း၏ ယခုခရီးစဉ်မှာ နေအိမ်အကျယ်ချုပ် ၁၅ နှစ်ကျခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံမှုကို အသားပေးဖွယ်ရှိကြောင်း The Independent သတင်းစာက သုံးသပ်သည်။
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ကိုယ်စားလှယ် ၄၃ ဦး အရွေးချယ်ခံခဲ့ရခြင်းအား ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက “သမိုင်းဝင် အောင်ပွဲ”အဖြစ် ဂုဏ်ပြုကြိုဆိုလိုက် သည်။ အဆိုပါ NLD ကိုယ်စားလှယ်များမှာ ၂၃ ရက်နေ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ကြရမည် ဖြစ်သည်။
လေ့လာသုံးသပ်သူအချို့ကမူ မြန်မာအစိုးရအနေဖြင့် အနောက်တိုင်းပိတ်ဆို့မှုများ ရုတ်သိမ်းရန်နှင့် ၎င်းတို့၏ နိုင်ငံရေး စနစ်အား တရားဝင်ဖြစ်လာစေရန် အခုအခံတခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်တွင်း ဝင်ခွင့်ပြုလိုက် ခြင်းသာဖြစ်ကြောင်း ပြောဆိုကြသည်။
ဥရောပသမဂ္ဂ ဝန်ကြီးများလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများအား ပြန်လည်သုံးသပ်ရန် ဧပြီလ နှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးကြရန် ရှိသည်။