ရာနှင့်ချီသော နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် စောင့်နေကြ

ရာနှင့်ချီသော နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် စောင့်နေကြ
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရာနှင့်ချီသော နိုင်ငံခြား ကုမ္ပဏီများ စောင့်ကြည့် လျက်ရှိနေကြ သည်ဟု ဟောင်ကောင် အခြေစိုက် Bagan Capital မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် အကြံပေးအဖွဲ့မှ ဦးဆောင် အရာရှိတဦးက ဆိုသည်။

“ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ကုမ္ပဏီတွေအနေနဲ့ အထူးသဖြင့် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ ရေနံနဲ့သဘာဝ ဓါတ်ငွေ့လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အသေးစား ကုန်ထုတ်လုပ်ငန်းတွေ၊ စားသောက်ကုန် လုပ်ငန်းတွေမှာ ပိုစိတ်ဝင်စားကြပါတယ်” ဟု အဆိုပါ ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် မစ္စတာ ဂျရီမီ ခရောစာ ဂျုန်း က ဆိုသည်။

စိတ်ဝင်တစား စောင့်ကြည့်နေသော ကုမ္ပဏီများထဲတွင်  ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အပြင် အမေရိကန် လည်း ပါဝင်ပြီး လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု များစွာ တိုးတက်လာလိမ့်မည်ဟု လည်း ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိသော ကုမ္ပဏီများ ရှိသော်လည်း စီးပွားရေး ပိတ်ဆို့မှုကြောင့် အရေအတွက်မှာ နည်းပါးလျက် ရှိနေသေးသည် ဟု မစ္စတာ ခရောစာ ဂျုန်း က ဆိုသည်။

“ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားရင် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီ အနေဖြင့် Bagan Capital ဆိုသည့် အမည်ကို မှည့်ခေါ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံးမြို့တော် ဖြစ်သည့် ပုဂံမြို့သို့ အလည်အပတ် သွားရောက်စဉ်က နေရာအနှံအပြားတွင် စေတီပုထိုးများ မရေတွက်နိုင်လောက်အောင် တွေ့မြင်ရသည့် အချိန်တွင် လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ စတင် ပြုလုပ်နေချိန် စီးပွားရေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများစွာကို မြင်တွေ့နေရခြင်းကြောင့် ကုမ္ပဏီအား ပုဂံကယ်ပီ တယ်ဟု မှည့်ခေါ်ရခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“စီးပွားရေး ပိတ်ဆို့မှုတွေ အခုထိ ဆက်ရှိနေပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ငွေလုံးငွေရင်းတွေ ငွေကြေး ရင်းနှီးမြှုပ်နှံ မှု စျေးကွက်တွေ မရှိသေးတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ အလားအလာ ကောင်းတွေ အလွန်များပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ကုမ္ပဏီအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်နေသလို တခြားကုမ္ပဏီတွေကိုလည်း ရင်းနှီးမြုပ်နှံဖို့ အားပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရန်အတွက် ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်သော ရွေးကောက်ပွဲကို စောင့်ကြည့်လျက်ရှိနေကြပြီး ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကနေရာ ၄၅ နေရာ အနက် ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပပြီးနောက် တရက်တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ရုတ်သိမ်းပေးရန်အတွက် အာဆီယံနိုင်ငံများက ခေါင်းဆောင်များက ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သာ ထိပ်သီးအစည်းအဝေးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန် အစိုးရကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှု အချို့ကို လျှော့့ပေးမမည်ဟု ဧပြီလ ၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုများအား မြန်မာအစိုးရ၏ လုပ်ဆောင်ပုံကို ကြည့်၍ တဆင့်ချင်း ရုပ်သိမ်းပေးသွားဖို့ ရှိကြောင်း ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကို ပြန်လည်ခန့်ထားမည် ဖြစ်ပြီး အမေရိကန်က ပြည်ပ ဖွံ့ဖြိုးရေး အထောက် အပ့ံ ပေးနေသည့် USAID ရုံးဖွင့်ရန်၊ မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ထားမှုကို တဖြည်းဖြည်းချင်း ပြန်ဖွင့် ပေးရန်၊ အမေရိကန်မှ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများပိတ်ပင်ထားမှု များကို ရုတ်သိမ်းပေးရန်တို့ ပါဝင်သည်။

သို့ရာတွင် ဒဏ်ခတ် ပိတ်ဆို့မှု အချို့ကို ဆက်လက်ထားရှိဦးမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောက်မျက် တင်ပို့မှုကို ဆက်လက်ပိတ်ပင်ထားမည်ဟု ဆိုသည်။

ဥရောပ သမဂ္ဂ ခေါင်းဆောင်များကလည်း ၎င်းတို့အနေဖြင့်လည်း အလားတူ ဖြေလျှော့မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း ဧပြီလ ၄ ရက်နေ့က ပြေကြားခဲ့ပြီး၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်က ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ကို ဖြေလျှော့ပေးဖွယ် ရှိသည်ဟု ဆိုသည်။

သို့ရာတွင် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး အရေးယူမှု အားလုံးကိုု ရုတ်ချည်း အလုံးစုံ ရုတ်သိမ်းပေးမည့်သဘော သက်ရောက်မှု မရှိဟု ဆိုသည်။

ဧပြီလ ၂၃ ရက်နေ့တွင် လတ်ဇင်ဘတ်နိုင်ငံတွင် ကျင်းပမည် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် မြန်မာဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် ကျင်းပမည့် အာဆီယံ-အီးယူ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး အဆိုကို ကမ္ဘောဒီးယားအစိုးရ ဝန်ကြီးက တင်သွင်းမည် ဖြစ်သည်။

မြန်မာ့ အရေးကို ဆွေးနွေးရာတွင် ရွေးကောက်ပွဲ ကျင်းပပုံနှင့် တခြား ပြုပြင်ပြောင်းလဲရေးများ ဖြစ်သော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု၊ လူမျိုးစု လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး အဖြေရှာမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်သည်။

ပိတ်ဆို့မှုများကို ဖွင့်ပေးလိုက်ပါက လက်နက်တင်သွင်းခွင့်၊ သစ်ခုတ်လှဲခွင့်နှင့် သတ္တု တူးဖော်ခွင့်ပိတ်ပင် ထားမှုများ၊ လူပုဂ္ဂိုလ် တယောက်ချင်းအလိုက် စီးပွားရေး ပိတ်ဆို့ထားမှုများကို ပြန်ရုပ်သိမ်းပြီး ဖွံ့ဖြိုးမှု အထောက်အပံ့များကိုလည်း ပိုမို ပေးအပ်သွားဖွယ် ရှိသည်။

“ကျနော်တို့ မြင်တွေ့နေရတာကတော့ ရင်းနှီးမြုပ်နှံမှုတွေက အမျိုးမျိုးရှိပါတယ်။ ရင်းနှီးမြုပ်နှံမှု ဒေါ်လာ ဘီလီယံချီ ဝင်လာမယ့် ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေကနေ စားသောက်ကုန် ထုတ်လုပ်တဲ့ကုမ္ပဏီ တွေကလည်း သူတို့ရဲ့ တန်ဖိုးနည်း စားသောက်ကုန်တွေကို လာရောင်းချင်နေကြတယ်။ နိုင်ငံခြား ခရီးသွား ဧည်သည့်တွေ အလုံးအရင်း ဝင်လာနေတဲ့ အတွက်လည်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများတွေမှာ ရင်းနှီးမြှုပ်နှံချင်နေကြတယ်” ဟု မစ္စတာ ခရောစာ ဂျုန်း က ဆိုသည်။

အမေရိကန် ပြည်ထောင်စုမှ GE ကုမ္ပဏီသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း လာရောက် ရောင်းချရန် အတွက် ပြည်တွင်း ကုမ္ပဏီတခုနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒါက ဘာကို ပြနေသလဲဆိုတော့ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုတ်သိမ်းတော ့မယ်ဆိုတာ ဒါမှမဟုတ် ဖြေလျှော့ပေးတော့မည် ဆိုတာကို ပြနေပါတယ်” ဟု ၎င်းက ဆိုသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည်  လုပ်ထုံးလုပ်နည်းများကို မကြာခဏ ပြောင်းနေ၍ မည့်သည့် စည်းမျည်းစည်းများ အမှန်ဖြစ်သည်၊ မည်သည့် လုပ်ထုံးလုပ်နည်းများကို လက်တွေ့ကျင့်သုံးနေသည်တို့ကို နားလည် သဘောပေါက်ရန်မှာ စိန်ခေါ်မှုတရပ် ဖြစ်နေသေးသည်ဟု ဆိုသည်။

“အခု လွှတ်တော်ထဲမှာ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးနေတာကို တွေ့ရပါတယ်။ ဒါက ကောင်းမွန်တဲ့ လက္ခဏာပါ။ လာမယ့်လတွေမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအတွက် သတင်းကောင်းတွေ ကြားရမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြား ကုမ္ပဏီများသည် စီးပွားရေးဆိုင်ရာ အခြေခံဥပေဒေများ တည်ငြိမ်မှုကို လိုလားကြပြီး အငြင်းပွားမှုများ ဖြစ်လာပါကလည်း ဖြေရှင်းနိုင်မည့် နည်းစနစ်ကောင်းများကိုလည်း လိုလားလေ့ရှိသည်ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ အရာများ ပြည့်စုံနေပါက မြန်မာနိုင်ငံတွင် သဘာဝ အရင်းအမြစ် ကြွယ်ဝမှုနှင့် လူသားအရင်း အမြစ်များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ငွေကြေးရှင်တွေ အနေနဲ့ အလွန်ပဲ စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည် ဖြစ်ပြီး၊ မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်းပေါ် ရောက်နေသည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ အနေနဲ့  မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပြုလုပ်မယ့် ကော်ပိုရေးရှင်းကြီးတွေကို အကြံပေးချင် တာကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းလုပ်ကိုင်ဖို့အတွက် စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အချိန်တိုအတွင်းမှာ အကျိုးအမြတ် ရရှိနိုင်တဲ့ စျေးကွက်မျိုး မဟုတ်တာကိုတော့ သိစေချင်ပါတယ်” ဟု  ၎င်းက ဆိုသည်။

ပုဂံ ကယ်ပီတယ် သည် နိုင်ငံခြား ကုမ္ပဏီများနှင့် သာမက မြန်မာကုမ္ပဏီများနှင့်ပါ လက်တွဲလုပ်ကိုင်နေ ပြီး၊ ကုမ္ပဏီထံ တိုက်ရိုက်နှင့် ကုမ္ပဏီ၏ တွဲဖက် ဖြစ်သော မြန်မာ စီးပွားရေး ကွန်ယက် (Myanmar Business Network) ထံသို့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားသည့် ကုမ္ပဏီပေါင်း တစ်ရက်လျှင် တစ်ဒါဇင် ကျော်ခန့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ၎င်းက ဆိုသည်။

ပုဂံ ကယ်ပီတယ်၏ ဒါရိုက်တာ တဦးဖြစ်သူ မြန်မာစီးပွားရေးကွန်ယက် (MBN) ဝဘ်ဆိုဒ်ကို တည်ထောင်သူ အီဗီလင် ပက်ကော့ ကလည်း “ကျနော်တို့ဆီကို စုံးစမ်းမေးမြန်းမှုတွေ တနေ့ထက် တနေ့ တိုးလာနေပါတယ်။ နိုင်ငံပေါင်းစုံကပါ။ အရှေ့ဥရောပ၊ လက်တင်အမေရိကနဲ့ အာဖရိကတိုက် က ကုမ္ပဏီတွေပါ ပါပါတယ်” ဟု ဆိုသည်။

ပုဂံ ကယ်ပီတယ် ကုမ္ပဏီ၏ ဝန်ထမ်းအဖွဲ့ဝင်များသည် မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့တွင် အသီးသီး တာဝန် ထမ်းဆောင်လျက် ရှိနေကြပြီး၊ ရန်ကုန်တွင် ဝန်ထမ်း အင်အား တိုးချဲ့ရန်အတွက် အရည်အချင်းရှိသော ဝန်ထမ်းများကို ရှာဖွေလျက် ရှိသည်ဟုလည်း ဆိုသည်။

Most read this week