တနင်္ဂနွေနေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝ လွတ်လပ်ပြီး တရားမျှတမည့် ရွေးကောက်ပွဲ ဖြစ်မည်ဟု မထင်သော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြိုးပမ်းမှုကို လက်လျှော့မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
သောကြာနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲကြို ကာလအတွင်း ပါတီ၏ လှုပ်ရှားမှုများအပေါ် နှောင့်ယှက်မှုများ ရှိနေကြောင်း မည်သို့ပင် ရှိစေကာမူ လူထုလိုလားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက်
ရွေးကောက်ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လုံးဝ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ မထင်ပါဘူး။ ကျမတို့ရဲ့ ပါတီဆိုင်းဘုတ်တွေ၊ ပိုစတာတွေကို ဖျက်ဆီးတာမျိုးကအစ အနှောင့်အယှက်တွေ အများကြီး၊ အများကြီးပဲ။ ဒါပေမယ့် ဒီကြားဖြတ် ရွေးကောက်ပွဲက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် လှေကားထစ်တခု ဖြစ်မည်လို့ ကျမတို့ မျှော်လင့် တယ်။ ဒါကြောင့် လူထုလိုလားတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ရှေ့ဆက်သွားဖို့ ကျမတို့ ဆုံးဖြတ် ခဲ့တယ်” ဟု NLD ဥက္ကဋ္ဌ က ပြောသည်။
တိုင်းရင်းသား အရေးကိစ္စနှင့် ပတ်သတ်၍ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ရန် အခွင့်အလမ်းများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး ပင်လုံစာချုပ်ပါ အတိုင်း တန်းတူညီတူရှိမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် စသည့် ကိစ္စများတွင် ညီညွတ်စွာ ဆောင်ရွက်ရန်လိုသည်ဟု ဆိုသည်။
“မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားတွေရဲ့ တုံ့ပြန်မှုကြောင့် ကျမတို့တွေ အတော်လေး အားတက်မိပါတယ်။ တိုင်းရင်းသားဒေသက ပြည်သူတွေ လိုချင်တာနဲ့ ကျမတို့တွေ လိုချင်တာနဲ့ကြားမှာအဓိကကျတဲ့ ခြားနားမှုတွေ မတွေ့ရပါဘူး။ အဲ့တာကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ဖို့ အခွင့်အလမ်းတွေ ရှိပါတယ်”
သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် အစိုးရအဖွဲ့အတွင်း နေရာပေးရန် ကမ်းလှမ်းပါက လက်ခံမည်လော ဟု သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းရာ “ကမ်းလှမ်းမှု မရှိသေးဘဲ လက်ခံမယ် လက်မခံဘူး ပြောတာက သဘာဝမကျပါဘူး။ ခက်ခက်ခဲခဲ ကြိုးစားဝင်ရတဲ့ လွှတ်တော်ထဲကနေတော့ ကျမ ထွက်ခွာသွားမှာ မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေဆိုခဲ့သည်။
ရွေးကောက်ပွဲသတင်းရယူရန် နိုင်ငံတကာ သတင်းမီဒီယာသမား ၁၅၀ ဝန်းကျင်ခန့်သာ အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပေးခဲ့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ ပြုလုပ်သည့် NLD သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပ မီဒီယာသမား ၃၃၈ ယောက် လာရောက်သတင်းယူသည်ဟု သိရသည်။
၁၉၉၀ ရွေးကောက်ပွဲ အပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် ပြန်လည်ရွေးကောက်ခံမည့် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့မှ မိုင် ၄၀ ဝန်းကျင် ခန့်ကွာဝေးသည့် ကော့မှူးမြို့နယ်ကို ကိုယ်စားပြု ယှဉ်ပြိုင်မည် ဖြစ်သည်။
အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ခန့်အပ်ပြီး (သေဆုံးသူ လွှတ်တော်အမတ်တဦး အပါအဝင်) လစ်လပ်သွားခဲ့ သည့် လွှတ်တော်အမတ်နေရာ ၄၈ ခု အနက် လုံခြံုရေးအရ ၃ နေရာတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။ NLD အနေဖြင့် လက်ကျန် ၄၅ နေရာဝင်ရောက် ယှဉ်ပြိုင်ရာ စစ်ကိုင်းတိုင်းအတွင်းမှ အမျိုးသားလွှတ်တော်တနေရာတွင် ကော်မရှင်မှ ပယ်ဖျက်ခံရ၍ ၄၄ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
“ဒီကြားဖြတ်ရွေးကောက်ပွဲက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် ခြေလှမ်းတခုပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ၂၀၁၅ ခုနှစ်တွင် နောက်တကြိမ် အနိုင်ရရှိရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။
NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲအကြို ပါတီစည်းရုံးရေးကာလအတွင်း ကြံုတွေ့ရသည့် အနှောင့် အယှက်များ၊ စစ်ဆေးတွေ့ရှိရသည့် မဲစာရင်းပါ လူဦးရေ ကွာဟမှု၊ ရွေးကောက်ပွဲဥပဒေနှင့် မညီညွှတ်သည့် ပြိုင်ဘက်ပါတီများ၏ အပြုအမူများ စသည်တို့ကို ရက်သတ္တပတ် အနည်းငယ်ကတည်းက စာရင်းပြုစု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့သည့် NLD ပြန်လည်ပါဝင် ယှဉ်ပြိုင်မည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲသို့ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့မှ စောင့်ကြည့် လေ့လာသူအချို့ လာရောက်ရန် အစိုးရက ခွင့်ပြုခဲ့သည်။