မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းမှ သတင်းများကို ဦးစားပေးဖော်ပြမည့် သံလွင်တိုင်း(မ်) လစဉ်ထုတ် သတင်းဂျာနယ် တစောင်ကို ဧပြီလအတွင်း စတင်ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။
သံလွင်မြစ်ကို အခြေခံ၍ အမည်ရွေးချယ်ထားပြီး မြန်မာစာဖြင့် ထုတ်ဝေမည့် သံလွင်တိုင်း (မ်) ဂျာနယ် ထုတ်ဝေခွင့်ကို ၂ဝ၁၂ ခု ဇန်နဝါရီလက လျှောက်ထားခဲ့ပြီး နောက်အပါတ်တွင် ခွင့်ပြုချက် ကျနိုင်မည်ဟု အယ်ဒီတာ နိုင်မင်းမင်းနွယ် က မဇ္စျိမကို ပြောသည်။
“နောက်အပါတ်လောက်ဆို ကျလောက်ပြီ။ လိုဂို Logo တို့၊ အယ်ဒီတာ အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးရာဇဝင်တွေ၊ ဂျာနယ်တိုက် ရှိမရှိ စိစစ်ပြီးသွားပြီလေ” ဟု ပြောသည်။
ဂျာနယ်တိုက်ကို မော်လမြိုင်မြို့တွင် ထားရှိမည်ဖြစ်ပြီး တစောင် ၅ဝဝ ကျပ်ဖြင့် စောင်ရေ ၃,ဝဝဝ မှ ၅,ဝဝဝ အကြား ထုတ်ဝေကာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကိုသာ အဓိကထား ဖြန့်ဝေသွားမည်ဟုလည်း သိရသည်။
လက်ရှိ ဂျာနယ်အများစုသည် ရန်ကုန်ကိုအခြေစိုက်ထားပြီး နယ်သတင်း ဖော်ပြမှု အားနည်းသဖြင့် မွန်ပြည်နယ်တွင်း သတင်းများ အသားပေး၍ နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေမည်ဟု ဆိုသည်။
“အဓိကထွက်နေတဲ့ ဂျယ်နယ်တော်တော်များများက ရန်ကုန်ကို အခြေပြုပြီးမှ နယ်မှာ တကယ်ဖြစ်ပျက်နေတဲ့ လယ်သမားအရေး၊ အလုပ်သမားအရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ဟာ သိပ်များများ ဖော်ပြခြင်း မခံရဘူးလေ။ မွန်ပြည်နယ်မှာ ကျနော်တို့က စပြီးလုပ်ဖို့ ရည်ရွယ်တာပေါ့” ဟု နိုင်မင်းမင်းနွယ်က ပြောသည်။
မြို့နယ် သတင်းထောက် ၁၀ ဦး ခန့်ထားပြီး ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် နိုင်ချမ်းသွဲ့၊ အယ်ဒီတာ အဖွဲ့ဝင် ဆရာဇေ၊ နိုင်အောင်ထူး၊ နိုင်ရာဇာနှင့် နိုင်မင်းမင်းနွယ် တို့က တာဝန်ယူကြမည် ဖြစ်သည်။
နိုင်ချမ်းသွဲ့နှင့် ဆရာဇေတို့မှာ တိုင်းရင်းသားတန်းတူရေး တိုက်ပွဲဝင်နေသည့် မွန်ပြည်သစ်ပါတီ - NMSP အဖွဲ့ဝင်ဟောင်းများ ဖြစ်သော်လည်း ဂျာနယ်ထုတ်ဝေမှုမှာမူ မည်သည့် နိုင်ငံရေး၊ လူမှုရေးအဖွဲ့များနှင့်မျှ မဆက်စပ်ဟု ဆိုသည်။
“ထုတ်ဝေသူကတော့ ယခင်က မွန်ပြည်သစ်ပါတီက တွဲဘက် အထွေထွေ အတွင်းရေးမှူးကနေ အနားယူသွားတဲ့ နိုင်ချမ်းသွဲ့။ အခု ဘယ်အဖွဲ့မှာမှ မပါဘဲ ဆရာကျော်ဝင်းတို့ ထုတ်တဲ့ The Wave တို့၊ နွယ်နီတို့မှာ ရေးတယ်လေ။ ညှိနှိုင်းတော့ ဆန္ဒတူလို့ ပေါင်းပြီးတော့ ဘယ်အဖွဲ့အစည်းရဲ့ လောင်းရိပ်မှာမှ မနေဘဲနဲ့ လွတ်လပ်တဲ့ သတင်း အဖွဲ့အစည်းတခု ကိုယ့်ရဲ့ဒေသမှာ ပေါ်ပေါက်လာဖို့ သူလည်း လက်ခံတယ်” ဟု နိုင်မင်းမင်းနွယ်က ပြောသည်။
သံလွင်တိုင်း(မ်) သတင်းဂျာနယ် လစဉ်ထုတ်ဝေသည့်အခါ စာပေစိစစ်ရေးသို့ ကြိုတင်ခွင့်ပြုချက် တင်ရန် လိုမလို မသိရသေးသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန အဆိုအရ ဂျာနယ် ၁၇၃ စောင်နှင့် မဂ္ဂဇင်း ၁၂၄ စောင်မှာ ကြိုတင် ခွင့်ပြုချက် တင်စရာမလိုဘဲ ထုတ်ဝေနိုင်ပြီဟု သိရသည်။