စာပေလွတ်လပ်ခွင့် ဟောသည့်ဗေဒင် စိစစ်ရေးဖြုတ်

စာပေလွတ်လပ်ခွင့် ဟောသည့်ဗေဒင် စိစစ်ရေးဖြုတ်
by -
မဇ္ဈိမ

မြန်မာသက္ကရာဇ် ၁၃၇၄ ခုအတွင်း စာပေ လွတ်လပ်ခွင့် အလားအလာမရှိကြောင်း ဟောကြားချက် ပါရှိသည့် ဆရာစံဇာဏီဘို၏ ဗေဒင် အမေးအဖြေ ကဏ္ဍကို ပြည်တွင်းထုတ် The Express Times ဂျာနယ်တွင် ထည့်သွင်း ဖေါ်ပြရန် စီစဉ်ခဲ့သော်လည်း စာပေစိစစ်ရေးမှ ခွင့်မပြုဟု ဂျာနယ် အယ်ဒီတာက မဇ္ဈိမကို ပြောသည်။

တနင်္လာနေ့ထုတ် The Express Times ဂျာနယ်တွင် သက္ကရာဇ် ၁၃၇၄ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မြန်မာ့နိုင်ငံရေး အခြေအနေနှင့် စာပေလွတ်လပ်ခွင့်တို့ကို ဗေဒင်ဆရာ စံဇာဏီဘို အား ဂျာနယ်မှ မေးမြန်းရာတွင် "စာပေ လွတ်လပ်ခွင့် လုံးဝမမြင်ဘူး၊ တစုံတရာ အတိုင်းအတာထိ မမြင်ဘူး။ ဒါပေမယ့် ပုဂ္ဂလိက နေ့စဉ် သတင်းစာ ဖြစ်ပေါ်လာဖို့တော့ ဇွန် (၆ လ)မှာ မြင်တယ်" ဟု ဖြေကြားခဲ့သည်။

ဆရာစံဇာဏီဘို၏ စာပေလွတ်လပ်ခွင့်နှင့် ပတ်သက်သည့် အဆိုပါဖြေကြားချက်ကြောင့် ဂျာနယ်အတွင်း ထိုမေးမြန်းခြင်းကို တားမြစ်ခြင်းဟု ယူဆကြောင်း The Express Times အယ်ဒီတာ ကိုကျော်ဇေယျာထွန်းက မဇ္ဈိမကို ပြောသည်။

“(ဗေဒင်ဟောချက်အရ)နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်မယ်။ စာပေလွတ်လပ်ခွင့်ကလည်း ရမှာ မဟုတ်ဘူးပေါ့။ သတင်စာကလည်း နေ့စဉ်သတင်းစာ ၃ စောင်လောက်ပဲ ထုတ်ဖြစ်လိမ့်မယ်ပေါ့။ ကျနော်ထင်ပါတယ် အဲဒါတွေကြောင့် ဖြုတ်ပစ်တယ်လို့ ထင်ပါတယ်" ဟု ကိုကျော်ဇေယျာထွန်း က ပြောသည်။

မတ်လ ၁၆ ရက်နေ့ထုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်ပါ "မဲစာရင်းများတွင် မှားယွင်းမှု၊ မပြည်စုံမှုများမှာ အလွန်များပြားနေကြောင်း တွေ့ရှိရသည်" ဟူသည့် ကောက်နုတ်ချက်ကို သတင်းရေးသားရာ တွင် ထည့်သွင်း ဖေါ်ပြခွင့်မရဟု ကိုကျော်ဇေယျာထွန်းက ပြောသည်။

ထို့အပြင် မတ်လ ၁၄ ရက်နေ့ နေအိမ် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် "မီဒီယာ လွတ်လပ်မှုကို ကန့်သတ်တယ်ဆိုတာဟာ ဒီနိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်တာနဲ့တူတူပဲ" ဟူသည့် စကားရပ်ကို ကိုးကားကာ တနင်္လာနေ့ထုတ် ဂျာနယ်တွင် ထည့်သွင်းဖေါ်ပြရန် စီစဉ်ခဲ့သော်လည်း စိစစ်ရေးက ဖြုတ်ပစ်ခဲ့သည်ဟုလည်း ကိုကျော်ဇေယျာထွန်းက ပြောသည်။

စာပေစိစစ်ရေးမှ ထိုသို့ ဖြတ်တောက်မှုများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်စွာပင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO တို့ ပူးတွဲကာ မီဒီယာ အလုပ်ရုံဆွေးနွေးပွဲများကို မဇ္ဈိမ အပါအဝင် ပြည်တွင်းပြည်ပမှ မီဒီယာသမားများ တာဝန်ရှိသူများနှင့် မတ်လ ၁၉-၂ဝ ရက်နေ့များတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာ့မီဒီယာ ဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီး ဦးကျော်ဆန်းက "အနာဂတ်တွင် မြန်မာ့မီဒီယာ လောကသည် ပိုမိုလွတ်လပ် ပွင့်လင်းလာတော့မည် ဖြစ်ပါကြောင်း" ပြောဆိုခဲ့သည်။

ဝန်ကြီးက ဆက်လက်၍ "ပုံနှိပ်မီဒီယာဥပဒေသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဟန့်တားရန်၊ တားဆီးရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲနေခြင်းမဟုတ်ပါကြောင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့််များကို လူ့အဖွဲ့အစည်း၏ အကျိုးစီးပွား ကို မထိခိုက်စေဘဲ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ရန်နှင့် မြန်မာ့မီဒီယာလောက ရေရှည်ဖွံ့ဖြိုးတိုး တက်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း" ဟု ထည့်သွင်း ပြောကြားသွားခဲ့သည်။

တဘက်တွင်လည်း အစိုးရဌာနအချို့၌ ငွေကြေး အလွဲသုံးစား ပြုလုပ်နေမှုများ ရှိနေသည်ဟု သတင်းရေးသား ဖေါ်ပြခဲ့သည့် The Voice ဂျာနယ်ကိုလည်း အင်္ဂါနေ့တွင် သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုထားသည်။

ဗေဒင်တွက်ချက်မှုအရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်အတွင်း "စာပေလွတ်လပ်ခွင့်ဆိုတာတော့ မြန်မာနိုင်ငံမှာ ရဖို့ ဘယ်လိုမှ မရှိနိုင်သေးပါဘူး။ စတုတ္ထုမဏ္ဍိုင်ဆိုတာ အလကားပြောတာ။ ပထမ မဏ္ဍိုင်၊ ဒုတိယ မဏ္ဍိုင်၊ တတိယ မဏ္ဍိုင်တွေကိုပဲ နိုင်အောင် လုပ်ပါဦးဗျာ။ စတုတ္ထုမဏ္ဍိုင်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အရာကြီးပဲ။ That is impossible, very impossible" ဟု စံဇာဏီဘို က မဇ္ဈိမကို ပြောဆိုသွားသည်။