ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုဆို

ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုဆို
by -
မဇ္ဈိမ

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ၏ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံလုပ်ကွက်များကို ထိခိုက် မည် မဟုတ်ဘဲ တရားမျှတစွာ ဆောင်ရွက်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် အချပ်ပိုဖြင့် ဖေါ်ပြပါရှိသည်။

sea
"ခုံရုံးက သတ်မှတ် ဆုံးဖြတ်ခဲ့သည့် အနီရောင်လိုင်း သတ်မှတ်ချက်အရ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ရေနံ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကမ်းလွန် ရေနံလုပ်ကွက်များကို ထိခိုက်မှု မရှိကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း" သတင်းစာတွင် ရေးသားထားသည်။

၂ဝဝ၈ ခုနှစ်အတွင်း အငြင်းပွားခဲ့ကြသည့် မြန်မာအစိုးရ၏ သဘာဝဓာတ်ငွေ့ ရှာဖွေခွင့် ရရှိထားသော ဒေဝူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ ရခိုင်ကမ်းလွန်ဒေသ လုပ်ကွက် AD 7 သည်လည်း ITLOS ၏ဆုံးဖြတ်ချက် အရ မြန်မာ့ ပိုင်နက်အတွင်း ရှင်းလင်း သိသာစွာ ပါဝင်လာပြီ ဖြစ်သည်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းပြီးဖြစ်၍ "အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ထိန်းသိမ်းပြီး ပင်လယ်ပြင်ဆိုင်ရာ ကိစ္စရပ်များ၌ မိတ်မပျက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်" ဟုလည်း သတင်းစာက ရေးသားသည်။

ITLOS ရေပိုင်နက် သတ်မှတ်မှုအရ ရခိုင်ပြည်နယ် မောင်းတောမြို့ အနီးရှိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို ပိုင်းခြားထားသော နယ်စပ်မြစ်ဖြစ်သည့် နတ်မြစ် စီးဝင်ရာ ဘင်္ဂလား ပင်လယ်အော်ရှိ အခြေခံမျဉ်းမှ အနောက်တောင် ဘက် ရေမိုင် ၂ဝဝ အထိ ဘင်္ဂလားဒေ့ရှ်က သီးသန့် စီးပွားရေးဇုန်အဖြစ် ပိုင်ဆိုင်မည် ဖြစ်သည်။

ကမ်းရိုးတန်းအလျား သတ်မှတ်ပေးမှုတွင် မြန်မာနိုင်ငံအတွက် ရခိုင်ပြည်နယ် မောင်တောမြို့အနီး အခြေခံမျဉ်းမှ ဧရာဝတီတိုင်း မော်တင်စွန်းအထိ ၃၆၄ မိုင်အထိ သတ်မှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်မူ အဆိုပါ အခြေခံမျဉ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Mandabaria ကျွန်းအထိ ၂၅၆ မိုင် ပိုင်ဆိုင်သည်ဟု သတ်မှတ်ပေးထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်တို့ နှစ်နိုင်ငံ ရေပိုင်နက် သတ်မှတ်နိုင်ရန် ၁၉၇၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ၈ ကြိမ် ဆွေးနွေး ခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း ၄ ကြိမ်အထိ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိဘဲ ဖြစ်ခဲ့ရမှ ၂ဝဝ၉ ခုနှစ်တွင် ITLOS ၏ ဆုံးဖြတ်ချက်ကို ခံယူရန် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ITLOS ခုံရုံး ရုံးစိုက်ရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကြားနာစစ်ဆေးသည့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှုကို နိုင်ငံတကာမှ တရားသူကြီး ၂၂ ဦးက ကြားနာစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

ကြားနာစစ်ဆေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ တွဲဖက် ကိုယ်စားလှယ်များ ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လှမျိုးနွယ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ဘက်ကမူ နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် အငြိမ်းစား ရေတပ်ဗိုလ်ချုပ် ကူရှတ်အလန်တို့အပြင် ပါမောက္ခများ၊ ပညာရှင်များနှင့် နိုင်ငံတကာရှေ့နေ အများအပြား လိုက်ပါဆောင်ရွက်ခဲ့ကြသည်။