မွန်ရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖေါ်ဖို့ တင်ပြ

မွန်ရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖေါ်ဖို့ တင်ပြ
by -
မဇ္စျိမ

မွန်ပြည်နယ် ရေးမြို့နယ် အတွင်းရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်လိုကြောင်း မွန်စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြင့် စုဖွဲ့ထားသည့် တလမွန်ကုမ္ပဏီက တနင်္လာနေ့တွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ် တင်ပြခဲ့သည်။

အဆိုပါ ရေနက်ဆိပ်ကမ်းအပြင် စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သည့် ရေး-သံဖြူဇရပ်-ဘုရားသုံးဆူလမ်း၊ ရေး-သံဖြူ ဇရပ်-ကြာအင်းဆိပ်ကြီး- ကျုံဒိုး-ကော့ကရိတ်-မြဝတီလမ်း ဖောက်လုပ်ရေးနှင့် ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အနီးတွင် စက်မှုဇုန် တည်ဆောက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်သူ စီးပွားရေး လုပ်ငန်းရှင် နိုင်စိုးမြင့်က ပြောသည်။

“မွန်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ လုပ်ပေးနိုင်သလောက်ကို လုပ်ပေးမယ်၊ လုပ်ငန်းကြီးတယ်ဆိုတော့ ပြည်ထောင်စု အစိုးရကို တင်ပြပြီး ဖြစ်နိုင်အောင် ကြိုးပမ်းပေးမယ်လို့ ဝန်ကြီးချုပ်က ကျနော်တို့ကို ပြောခဲ့တယ်။” ဟု နိုင်စိုးမြင့်က ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ သပြေချောင်းရွာ ကမ်းခြေအနီးတွင် တည်ဆောက်မည့် ထိုရေနက် ဆိပ်ကမ်း စီမံကိန်းသည် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည့် မဟာမဲခေါင်ဒေသ စီးပွားရေးအတွက် အဓိကကျသည့် ရေနက်ဆိပ်ကမ်းတခု ဖြစ်လာဖွယ်ရှိသည်။

ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်များနှင့် မော်လမြိုင်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် မွန်ပြည်သစ်ပါတီအား ဘုရားသုံးဆူတွင် စက်မှုဇုန် တည်ဆောက်ရန် ရထားဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးမှုများ ရှိသည့်အတွက် မွန်ပြည်သစ်နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးလည်း ဖြစ်သူ နိုင်စိုးမြင့်က
ပြောသည်။

“မွန်ပြည်သစ်နဲ့ ကျနော်တို့ မတွေ့ရသေးဘူး။ မတ်လ ၁၆ ရက်နေ့ ဗဟိုကော်မတီ အစည်းအဝေးပြီးမှ သူတို့ မော်လမြိုင်ကို ဆင်းလာမယ်၊ ကျနော်တို့ ပူးပေါင်းပြီး လုပ်ကြမယ်ဆိုရင် ဒီစီမံကိန်း မြန်မြန် ဖြစ်လာဖို့ရှိတယ်။” ဟု နိုင်စိုးမြင့်က ပြောသည်။

ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရန်အတွက် ၁၉၉၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ရာမည အင်တာနေရှင်နယ် ကုမ္ပဏီ လိမိတက်နှင့် ထိုင်း Power-P ကုမ္ပဏီတို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး စတင်အကောင်အထည်ဖော်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှင့် မဟာမိတ် လက်နက်ကိုင် အဖွဲ့တခု၏ ကန့်ကွက်မှုကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့သည်။

၁၉၉၇ ခုနှစ် စစ်တမ်း ပြုလုပ်ချက်အရ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နေရာ၏ အနောက်ဘက် ရ မိုင် အကွာ တွင် တောင်-မြောက် အရှည် ၉ မိုင်ခန့်ရှိသည့် ကုလားဂုတ်ကျွန်းက ကာဆီးထားသည့်အတွက် မုန်တိုင်းဒဏ် ကင်းလွတ်နိုင်မည် ဖြစ်သည်။

၎င်းပြင် ချဉ်းကပ်ရေကြောင်း၏ အနိမ့်ဆုံး ရေအနက်မှာ ၁၅ မီတာ ရှိပြီး၊ ဒီရေအမြင့် ကွာခြားချက် ၃ မီတာနှင့် ၅ မီတာကြားတွင် တည်ရှိကာ၊ ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘော DWT ၄၀,၀၀၀ မှ ၅၀,၀၀၀ အကြားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်မည် ဖြစ်သည်။

“လောလောဆယ် တန်တသောင်းခွဲ သင်္ဘောတွေ ဆိုက်ကပ်နိုင်တယ်။ နည်းနည်း ဆက်တူးလိုက်ရင် တန်ငါးသောင်း ထိ ဆိုက်နိုင်မယ်။” ဟု ၁၉၉၇ ခုနှစ်က စစ်တမ်း လုပ်ရာတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ် စီးပွားရေးဌာန အတွင်းရေးမှူးနိုင်စိုးမြင့်က ပြောသည်။

လက်ရှိ အစိုးရက မြန်မာကမ်းရိုးတန်း တလျှောက်တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ထားဝယ် ရေနက်ဆိပ်ကမ်း၊ ဘုတ်ပြင်း ရေနက်ဆိပ်ကမ်းနှင့် ကုလားဂုတ် ရေနက်ဆိပ်ကမ်းတို့ကို တည်ဆောက်ရန် စီစဉ်နေသည်။