မီဒီယာကိုကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းဟု ဒေါ်စုပြော

မီဒီယာကိုကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းဟု ဒေါ်စုပြော
by -
မဇ္စျိမ

မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်းနဲ့ တူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

အမှန်ကို အမှန်အတိုင်းပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာ မီဒီယာလွတ်လပ်မှုကို ကန့်သတ်တယ်ဆိုတာဟာ ဒီနိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်တာနဲ့တူတူပဲဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား (ဓါတ်ပုံ မဇ္စျိမ)

ယနေ့ညနေ ၅နာရီခွဲကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူးဖြစ်သူ ဒဲရစ်မစ်ချယ်တို့ တွေ့ဆုံမှုအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံအတွင်း လမ်းများမကောင်းသည်ကို သတင်းရေးသည့် မော်ဒန်ဂျာနယ်ကို တရားစွဲခြင်းနှင့် ဝန်ကြီးဌာနများ ငွေကြေး အလွဲသုံးစားလုပ်သည်ဟု သတင်းရေးသည့် The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲမည်ဟု ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖေါ်ပြခြင်းတို့ကို ရည်ညွှန်း၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။

“လမ်းတွေမကောင်းတာကို ဓါတ်ပုံရိုက်ပြီး ပြပေါ့။ တရားစွဲရင်လည်း တရားရုံးမှာ ရင်ဆိုင်လိုက်။ လမ်းတွေ မကောင်းလို့ မကောင်းဘူး ရေးတာပဲ။ တရားစွဲတယ်ဆိုတာ မဟုတ်မမှန် စွပ်စွဲရင်တော့ တရားစွဲနိုင်တာပေါ့။ အမှန်ကို အမှန်အတိုင်း ပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာ မီဒီယာလွတ်လပ်မှုကို ကန့်သတ်တယ်ဆိုတာဟာ ဒီနိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်တာနဲ့တူတူပဲ။ အန်တီကတော့ ဒီလိုပဲ ယုံကြည်တယ်။"ဟု ဆိုသည်။

ဒဲရစ်မစ်ချယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်တွင် စတင်တွေ့ဆုံခဲ့ပြီး တနာရီခွဲကြာ ဆွေးနွေးမှုအတွင်း လာမည့်ဧပြီ တရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဒဲရစ်မစ်ချယ်သည် မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် ယခုလ ၁၁ ရက်နေ့တည်းက မြန်မာနိုင်ငံကို ရောက်ရှိလာခြင်း ဖြစ်သည်။