သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲမည်ဟုဆို

သတ္တုတွင်း ဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲမည်ဟုဆို
by -
မဇ္စျိမ

ဝန်ကြီးဌာနများ ငွေကြေးအလွဲသုံးစားပြုမှု ဖြစ်ပေါ်နေသည်ဟု ရေးသားဖေါ်ပြခဲ့သည့် ပြည်တွင်းထုတ်ဂျာနယ် တခုဖြစ်သော The Voice ဂျာနယ်ကို သတင်းမမှန်မကန် ဖေါ်ပြသည်ဟုဆိုကာ တရားစွဲဆို မည်ဟု သတ္တုတွင်းဝန်ကြီးဌာနက နိုင်ငံပိုင်ကြေးမုံသတင်းစာမှ တဆင့် ဗုဒ္ဓဟူးနေ့တွင် တုန့်ပြန်လိုက်သည်။

The Voice ဂျာနယ်၏ ယခုလ ၁၂ ရက်နေ့ထုတ် အတွဲ (၈) အမှတ် (၁၃) ကိုရယူရန် ပုံကိုနှိပ်ပါ

The Voice ဂျာနယ်၏ ယခုလ ၁၂ ရက်နေ့ထုတ် သတင်းတွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာန ပိုင်ဆိုင် သည့် မုံရွာကြေးနီ စီမံကိန်း၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ရောင်းချ ခဲ့ရာ ငွေပေးချေ မှု၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေသည်ဟု ရေးသားထားသည်။

ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ အဆိုပါ ရောင်းဝယ်မှုဖြစ်စဉ်များကို သတ္တုတွင်း ဝန်ကြီးဌာနက ငြင်းဆိုလိုက်ပြီး “The Voice ဂျာနယ်တွင် ဖေါ်ပြပါရှိသကဲ့သို့ ငွေကြေး အလွဲသုံးစားမှုနှင့် ငွေစာရင်းလိမ်လည်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်း ဖေါ်ပြမှု လုံးဝမရှိခဲ့” ဟု ကြေးမုံသတင်းစာတွင် ဖေါ်ပြထားသည်။

သို့သော် The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကမူ ယင်းတို့ရေးသားသည့် သတင်းမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သော စာမျက်နှာ ၃၆ မျက်နှာပါ အစီရင်ခံစာပါ အချက်အလက်များကို ရယူရေးသားထားခြင်းဖြစ်ပြီး တိကျ ခိုင်လုံသည်ဟု မဇ္ဈိမကို ပြောသည်။

“ဒီသတင်း အချက်အလက်တွေ အားလုံးကလည်း ခိုင်မာတယ်၊ ကျနော်တို့မှာ အထောက်အလားလည်း ရှိတယ်။ စာရင်းစစ်ချုပ်ရုံးရဲ့ ၃၆ မျက်နှာရှိတဲ့ အစီရင်ခံစာအားလုံး ကျနော်တို့အားလုံး ရထားတယ်။ ကျနော်တို့ ရေးထားတာက အစီရင်ခံစာ အသေးစိတ်တောင် ကျနော်တို့ ရေးမထားဘူး။ အသေးစိတ်က ဒီ့ထက် ပြင်းထန်တယ်။” ဟု ဦးကျော်မင်းဆွေက ပြောသည်။

သတ္တုတွင်း ဝန်ကြီးဌာနကမူ ယင်းတို့၏ဌာနနှင့် စပ်လျင်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ သတ္တုတွင်း ဝန်ကြီးဌာန ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုလည်း တုန့်ပြန်ထားသည်။ ထို့အပြင် “မမှန်မကန် စွပ်စွဲဖေါ်ပြရေးသားမှုသာ ဖြစ်သည့် အတွက် The Voice ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်” ဟု ကြေးမုံသတင်းစာတွင် တုန့်ပြန်ဖေါ်ပြထားသည်။

ဝန်ကြီးဌာန၏ တုန့်ပြန်မှုနှင့် ပတ်သက်၍ “ကျနော်တို့ကတော့ ပြေပြေလည်လည်ပဲ သွားချင်ပါတယ်။ ဝန်ကြီးဌာနနဲ့ ကျနော်တို့ဆိုတာ ရန်သူတွေမှ မဟုတ်တာ။ အပြန်အလှန် ကူညီပေးရမယ့် လူတွေဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေက လည်း ပြည်သူအတွက် အလုပ်လုပ်တယ် ပြောသလို ကျနော်တို့လည်း အတူတူပါပဲ။” ဟု ဦးကျော်မင်းဆွေက မဇ္ဈိမကိုပြောသည်။

သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးမှာ ဦးသိန်းထိုက်ဖြစ်ပြီး သူသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားပြု ရန်ကုန်တိုင်း ဒဂုံ (ဆိပ်ကမ်း) မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။

The Voice ဂျာနယ်၏ ယခုလ ၁၂ ရက်နေ့ထုတ် အတွဲ (၈) အမှတ် (၁၃) တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာနများသည် ငွေကြေး အလွဲသုံးစားပြုမှုများ၊ ငွေစာရင်း မမှန်မကန် ဖေါ်ပြမှုများ ရှိနေသည်ဟုလည်း ရေးသားဖေါ်ပြထားသည်။

The Voice ရေးသားသည့် သတင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံပိုင် သတင်းစာများ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂,၅၀၀ ကျော်ကို အလွဲသုံးစားပြုလုပ်ကြောင်း စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးတွေ့ရှိသည်ဟု ရေးသား ထားသည်။

အမှတ် (၁) စက်မှုဝန်ကြီးဌာနသည်လည်း မီးထိုးဆီ ဂါလံ နှစ်သိန်းကျော်ကို ပြင်ပသို့ လွှဲပြောင်းရောင်းချခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုဝန်ကြီးဌာနများ၏ ကျပ်သိန်းပေါင်း ထောင်ချီ အရှုံးပေါ် နေခြင်းများကိုလည်း အမြတ်ငွေ ရရှိသည်ဟု လိမ်လည် ဖေါ်ပြခြင်းများ ရှိနေသည်ဟု The Voice ဖေါ်ပြထားသည်။ ဝန်ကြီးဌာနများ၏ ငွေကြေး အလွဲသုံးစားပြုမှုများသည် ယခင် အစိုးရလက်ထက် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဟုလည်း The Voice က ဖေါ်ပြထားသည်။

အဆိုပါ ဝန်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစားပြုမှု အချက်အလက်များ အားလုံးသည် The Voice က ရရှိထားသော ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အောက်လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သည့် အစီရင်ခံစာအတိုင်းဖြစ်သည်ဟု ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

အဆိုပါ သတင်းဖေါ်ပြမှုနှင့် ပတ်သက်၍ စာပေစိစစ်ရေးက ခွင့်မပြုကြောင်းလည်း “ကျနော်တို့က စိစစ်ရေးတင်ဖို့ နောက်ကျနေတယ်။ အဲဒီသတင်းရတဲ့အချိန်မှာ ကျနော်တို့ နည်းနည်းလေး မိုးချုပ်သွားတယ်။ မိုးချုပ်သွားတော့ တင်ချိန်မရဘူး။ ဒီသတင်းက ခိုင်လုံတယ် မှန်ကန်တယ် တိကျတဲ့အတွက် မနက်မှ စာပေစိစစ်ရေးကိုတင်တယ်။ သူတို့ဘက်ကတော့ ခွင့်မပြုဘူးလို့ပဲ ပြောကြပါစို့။” ဟု ဦးကျော်မင်းဆွေက ပြောသည်။

Most read this week