ကြားဖြတ်ရွေးကောက်ပွဲတွင် ကြိုတင်မဲ မသမာမှုများကို ကာကွယ်နိုင်ရန် ကြိုတင်မဲ အထုပ် များကို ကိုယ်စားလှယ်လောင်း တဦးချင်းစီ၏ ကိုယ်ပိုင်အမှတ်အသားဖြင့် ချိပ်ပိတ် သိမ်းဆည်းသည့်နည်းလမ်းကို မိမိတို့ ပါတီက အသုံးပြုသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ တဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးကပြောသည်။
"ကိုယ့်အမှတ်အသားနဲ့ကိုယ် ချိပ်တံဆိပ်တွေကို အမှတ်အသား လုပ်ထားဖို့။ ကိုယ်ရတဲ့မဲကို စည်းထားပါ။ ကိုယ့်ချိပ်နဲ့ကိုယ် ပိတ်ထားမယ်" ဟု ဒေါ်ခင်မိုးမိုက ပြောသည်။
NLD ကိုယ်စားလှယ်လောင်းများ အနေဖြင့် ချိပ်ပိတ်ရန် ကြိုက်နှစ်သက်ရာ အမှတ်အသားဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။
ရွေးကောက်ပွဲ ဥပဒေတွင်လည်း ပါတီအသီးသီးမှ မဲရုံကိုယ်စားလှယ်များသည် "ကြိုတင် ဆန္ဒမဲလက်မှတ်များ အားလုံးကို ရေတွက်ပြီးစီးသည့့်အခါ မဲရုံမှူးသည် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးချင်းစီ ရရှိသည့် ဆန္ဒမဲ လက်မှတ်များနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို သီးခြားအိတ်များတွင် ထည့်ကာ လုံခြံုအောင် ပိတ်ပြီး ချိပ်တံဆိပ် ရိုက်နှိပ်ရမည်။ ယင်းမဲရုံမှ မဲရုံကိုယ်စားလှယ် သို့မဟုတ် အကူကိုယ်စားလှယ်များအား လည်း ချိပ်တံဆိပ် ရိုက်နှိပ်ခွင့်ပေးရမည်။" ဟု ပုဒ်မ ၆၆ (ဆ) တွင် ပြဋ္ဌာန်းထားသည်။
ဥပဒေပါ ထိုအခွင့်အရေးကို ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်းက အသုံးမချနိုင်ခဲ့၍ ကြိုတင်မဲ မသမာမှုများ ကြံုတွေ့ခဲ့ရ သည်ဟုလည်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
"ကြိုတင်မဲတွေကို ချိပ်ပိတ်ပြီးတော့ အထုပ်စည်းထားရမယ့်ဟာကို မြွွေရေခွံအိတ်ကြီးနဲ့ ၁၂ နာရီ တခေါက်၊ ၁ နာရီ တခေါက်၊ မိုးလင်းတော့ တခေါက်၊ အဲဒီလို ရောက်ချင်သလို ရောက်လာတယ်ဗျာ။ မိုးလင်းအထိ ကြိုတင်မဲတွေ ထပ်ရောက်လာပြီး ရှုံးတယ်ဆိုတော့ ကျနော်တို့လူတွေ ညံ့လို့ မဟုတ်ပါဘူး။ တရားမဲ့ ပြုကျင့်တာတွေကတော့ အများကြီးပဲ" ဟု ပြောသည်။
ကြိုတင်မဲကို မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားများ၊ ကျောင်းသားများ၊ အချုပ်ကျခံနေရသူများ၊ ရောဂါဝေဒနာ ခံစားနေရသူများ၊ ဆေးရုံတက်နေသူများ၊ အသက်အရွယ် ကြီးရင့်နေသူများသာ ပေးပိုင်ခွင့်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ရ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ နှိုးဆော်ထားသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ရ၁ တွင် "သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီ နောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင် ဆန္ဒမဲ လက်မှတ်များကို ထည့်သွင်းရေတွက်ခြင်း မပြုရ" ဟု ပြဋ္ဌာန်းထားသော်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကမူ ကြိုတင်မဲများ ညသန်းခေါင်ယံအချိန်အထိ မဲရုံအသီးသီးသို့ ထပ်မံရောက်ရှိလာခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းများမှာလည်း အမည်မှားခြင်း၊ မှတ်ပုံတင်အမှတ် လွဲမှားနေခြင်း၊ သေဆုံးပြီးသူ အမည်များ ပါဝင်နေခြင်း အသက်မပြည့်သေးသူများ၏ အမည်များ ပါဝင်နေခြင်း စသည်တို့ ဖြစ်ပေါ်နေသည်ဟု မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ NLD ပါတီတို့က ပြောသည်။
ထိုသို့ မဲစာရင်းများ မှားယွင်းမှုကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မတ်လ ၆ ရက်နေ့အထိ အချိန်ပေးထားသော်လည်း အချိန်မလုံလောက်၍ မတ်လ ၂၁ ရက်နေ့အထိ အချိန်တိုးမြှင့်ပေးရန် NLD ပါတီမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တောင်းဆိုထားသည်။