လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃) ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများကို အခြေခံလစာ ၅၁,ဝဝဝ ပေးရန် ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်လိုက်ခြင်းကြောင့် တနာရီလုပ်ခ ၁၂ဝ ကျပ် ရရှိမည်ဖြစ်သည်ဟု အလုပ်သမားများ၏ ဥပဒေ အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။
"ဝါဏိဇ္ဇပဋိပက္ခကို တင်တဲ့အခါမှာ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ စေ့စေ့ပေါက်ပေါက် တွက်ကြည့်လိုက်တဲ့ အခါမှာ တနာရီကို ၁၂ဝ နှုန်းလောက် ကျတယ်။ တနာရီကို ကျပ် ၂ဝ တိုးပေးတဲ့သဘောပေါ့" ဟု မဇ္ဈိမကို ပြောသည်။
အလုပ်သမားများ ၁,၈ဝဝ ကျော်ကို ကိုယ်စားပြု အလုပ်သမားခေါင်းဆောင် ၄၅ ဦးက တနာရီလျှင် ၁၅ဝ ကျပ် ပေးရန် တောင်းဆိုထားသော်လည်း ယခုဆုံးဖြတ်ချက်သည် သင့်တင့်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကိုဖိုးဖြူက ပြောသည်။
"အလုပ်သမားကိုယ်စားလှယ်တွေကတော့ ဒါဟာ သူတို့ ရသင့်တဲ့ အတိုင်းအတာလောက်အထိ မရသည့်တိုင် အောင် သင့်တင့်လျောက်ပတ်တယ်လို့ သူတို့ ယူဆပါတယ်" ဟု ပြောသည်။
ဝါဏိဇ္ဇပဋိပက္ခ ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် ဝင်ငွေ ၂ဝ,ဝဝဝ ခန့် တိုးလာသော်လည်း အလုပ်သမားများ နှစ်ကုန်လျှင် တလစာ ရရှိမည့် ရက်မှန်ကြေးနှင့် လုပ်သက်ကြေးတို့မှာ ရရှိတော့မည်မဟုတ်ကြောင်း အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောသည်။
လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်း ကြောင့် "လုပ်ငန်းခွင် သာယာရေး စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီးတော့ ထုတ်ပြန်ဖို့ဆိုတဲ့ အချက်ကိုတော့ ဝါဏိဇ္ဇက အသိအမှတ် မပြုပါဘူး။ ဒါဟာ ကောင်းတဲ့ အလားအလာ တော့ မဟုတ်ပါဘူး။ ကျနော်တို့ ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု အလုပ်သမားအရေး အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောသည်။
ဆန္ဒပြအလုပ်သမားများသည် ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြပြီ ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးများ တိုးမြှင့်ရရှိအောင် လုပ်ငန်းခွင်အတွင်းမှ ဆက်လက်တောင်းဆို သွားမည်ဟု ဆိုသည်။
တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅၀ ကျပ်၊ ရက်မှန်ကြေး ၈,၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကတည်းက တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။
အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖေါ်ဝါရီလ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် အဆိုပြုတောင်းဆိုခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးမှ ငြင်းပယ်ခဲ့သည်။
ထို လစာတိုးပေးရေး ဆွေးနွေးမှုများကြောင့် ကုန်ဈေးနှုန်းများ ရုတ်တရက် တက်လာသည်ဟုလည်း အစိုးရ သက်တမ်းတနှစ်ပြည့် သမ္မတမိန့်ခွန်းတွင် ကြာသပတေးနေ့က ထည့်သွင်းပြောသွားသည်။