ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားစက်ရုံ ဒေသခံများ စိုးရိမ်

ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားစက်ရုံ ဒေသခံများ စိုးရိမ်
by -
မဇ္ဈိမ

စတင်လည်ပတ်ရန် ပြင်ဆင်နေသည့် ကော့သောင်းမြို့ရှိ ၈ မဂ္ဂါဝပ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စက်ရုံဝန်းကျင်တွင် နေထိုင်သူများ စိုးရိမ်ကြပြီး ကန့်ကွက်မှုများလည်း ရှိကြောင်း မြို့ခံများက ပြောသည်။

ကော့သောင်းမြို့ မြောက်ဘက် အေးရိပ်ငြိမ်း နှင့် ရွှေပြည်သာ ရပ်ကွက်ကြားရှိ ထိုစက်ရုံသည် လူနေအိမ်နှင့် ပေ ၅ဝ ခန့်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄ဝ ခန့်သာ မြင့်ကာ စက်ရုံနှင့် ၂ ဖာလုံကျော်တွင် ကော့သောင်းမြို့မှ သောက်သုံးရေအဖြစ် ရယူနေသည့် ရေလှောင်ကန်လည်း ရှိသည့်အတွက် မြို့ခံများအနေ နှင့် စိုးရိမ်ခြင်း ဖြစ်သည်။

“ကျောက်မီးသွေးဆိုတာ ကျနော်တို့ တခါမှ မမြင်ဖူးဘူး။ ကျနော်တို့ နေတာက စက်ရုံနဲ့ အရမ်းနီးတယ်လေ။ ကျနော်တို့က ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး ရောဂါဖြစ်မယ်လို့ နည်းနည်း ကြားဖူးတယ်ဆိုတော့ ကြောက်တယ်ပေါ့နော်” ဟု အေးရိပ်ငြိမ် ရပ်ကွက်မှ အမျိုးသားတဦးက မဇ္စျိမကို ပြောသည်။

ရွှေပြည်သာ ရပ်ကွက်သား တဦးကလည်း “လူနေရပ်ကွက်ကြားမှာ ကျောက်မီးသွေး စက်ရုံ လာတည်တယ် ဆိုတော့ ကျနော်တို့အတွက် အရမ်းအန္တရာယ် ကြီးတယ်။ ဒီစက်ရုံ မလည်နိုင်အောင်တော့ ကျနော်တို့ ကန့်ကွက်ရမှာပဲ” ဟု ပြောသည်။

ယခင် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်လက်ထက်က ခွင့်ပြုချက် ရရှိပြီး၊ ‘သန်းဖြိုးသူ’ သတ္တုတူးဖေါ်ရေး လုပ်ငန်း ကုမ္ပဏီ လိမိတက် ပိုင်သည့် ထိုစက်ရုံကို ၂ဝ၁၁ ခု နှစ်လယ်ခန့်တွင် စတင်တည်ဆောက်ခဲ့ရာ ၉၅ ရာနှုန်းခန့် ပြီးစီးပြီ ဖြစ်ပြီး ဧပြီလဆန်းပိုင်းတွင် စတင်လည်ပတ်မည်ဟု ဒေသခံများက ပြောသည်။

စက်ရုံလည်ပတ်နိုင်ရန်အတွက် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှ ကျောက်မီးသွေးကို တူးဖော်ကာ စက်ရုံ အတွက် လိုအပ်မည့်ရေကို ထိုင်း-မြန်မာနယ်စပ်အဖြစ် သတ်မှတ်ထားသည့် ပါချန်မြစ်ရေကို စုတ်ယူသုံးစွဲမည် ဖြစ်သည်။

ဓါတ်အားပေးစက်ရုံမှ ရရှိမည့် အကျိုးကျေးဇူးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် စက်ရုံ မန်နေဂျာ ဦးလှမော်က မြို့ခံများကို ဖိတ်ကြားကာ ဟောပြောခဲ့ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ကိုသန်းထွန်းက စက်ရုံမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ထောက်ပြပြောဆိုခြင်းကြောင့် ဟောပြောပွဲကို ဖျက်သိမ်းခဲ့သည်။

“ကောင်းကျိုးသက်သက် ပြောသွားတယ်။ ဆိုးကျိုးတွေ တခွန်းမှ ပြောမသွားဘူး။ ကျနော်က ဆိုးကျိုးတွေ အများကြီး ရှိတဲ့အကြောင်း ထောက်ပြပြီး ဒီဆိုကျိုးတွေကို ဘယ်လို ကာကွယ်ပေးမယ်။ ဘယ်လိုစောင့်ထိန်း ပေးမယ်။ ဘယ်လို ကုသပေးမယ်ဆိုပြီး ထကန့်ကွက်တော့ သူက ဘာမှ မဖြေဘဲနဲ့ အစည်းအဝေး ဖျက်သိမ်းလိုက်တယ်” ဟု ကိုသန်းထွန်းက မဇ္စျိမကို ပြောသည်။

အဆိုပါ ဟောပြောပွဲကို နေ့လည် ၁ နာရီမှ ၂ နာရီ ၁၅ မိနစ်ထိ ကော့သောင်းမြို့ အထက ၃ တွင် ပြုလုပ်ခဲ့ပြီး လူတရာနီးပါး တက်ရောက်ခဲ့သည်။

စက်ရုံတည်ဆောက်နေစဉ် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ကော့သောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) က စက်ရုံဆောက်လုပ်ခြင်းကို ရပ်တန့်ပေးရန် မန်နေဂျာထံ သွားရောက် ကန့်ကွက်ခဲ့သေးကြောင်း သိရသည်။

ကျောက်မီးသွေးစက်ရုံကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးနှင့် သက်ဆိုင်သည့် အချက်အလက်များကို စုဆောင်းကာ စက်ရုံမလည်ပတ်မီ ဒေသခံများကို စာဖြန့်ကာ ပညာပေးသွားမည်ဟုလည်း ကိုသန်းထွန်းက ပြောသည်။

“ဒီစက်ရုံအကြောင်း နားလည်တဲ့ ပညာရှင်တွေ ကျနော်တို့မှာ မရှိဘူး။ ကျနော်တို့ ပါတီဥက္ကဋ္ဌကြီး ဦးသုဝေကို ကျောက်မီးသွေးရဲ့ ဆိုးကျိုးနဲ့ ပတ်သက်ပြီး စာအုပ်တွေ စုဆောင်းပေးဖို့ အကြောင်းကြားထားပြီးပြီ။ ဒီစက်ရုံ မလည်ပတ်နိုင်အောင် ရပ်သွားအောင် ကျနော်တို့ လုပ်ကို လုပ်သွားမယ်” ဟု ပြောသည်။

ဒေသခံများနှင့် ပညာရှင်များ၏ ကန့်ကွက်ပြောဆိုမှုကြောင့် အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီက အကောင် အထည်ဖော်မည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ မဂ္ဂါဝပ် ၄,၀၀၀ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဇန်နဝါရီလဆန်းတွင် အစိုးရက ဆောက်လုပ်ခွင့် မပြုဘဲ ရန့်တန့်ပေးခဲ့သည်။

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့် ဆာလဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူလမ်းကြောင်းတွင် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုန်အမွှား အများအပြား ထွက်လာနိုင်သည့်အပြင် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်း စေနိုင်သည့် ပြဒါး၊ စိန် ဆိုသည့် အာစင်းနစ်ဓါတ် စသည့် လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်း စေနိုင်သည့် ဓာတ်ငွေ့ပေါင်း များစွာ ထွက်ရှိလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။