ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ

ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ
by -
မဇ္စျိမ

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှု ကန့်ကွက်လွှာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်ပြီး တချိန်တည်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"အယူခံလွှာကို တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက ပလပ်လိုက်ပါတယ်။ ကိုယ်စားလှယ် လောင်းတွေကိုလည်း ဒီနေ့ ထုတ်ပြန်ခိုင်းလိုက်ပါပြီ။ ၃:၃ဝ လောက်က အန်ကယ်တို့ ထုတ်ပြန်ခိုင်းလိုက်ပြီ" ဟု ဦးကိုကို က ပြောသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်မည့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးတင်ရီ၏ ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်လွှာကို တိုင်းရွေးကောက်ပွဲ ကော်မရှင်မှ အင်္ဂါနေ့တွင် ပလပ်လိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဝင်ရောက်အရွေးခံကြမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာစိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ကိုလည်း ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က အင်္ဂါနေ့တွင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ဦးတင်ရီ၏ ကန့်ကွက်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ကဒ် ရရှိထားသူ ဖြစ်ခြင်း၊ ရရှိသည့် ဆုငွေများကို နိုင်ငံခြားဘဏ်များတွင် အပ်နှံထားခြင်း၊ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် နေထိုင်စဉ် အခွန်ငွေများကို မြန်မာသံရုံးသို့ ပေးဆောင်ခြင်းမရှိဘဲ ဗြိတိန်အစိုးရသို့သာ ပေးဆောင်ခြင်းတို့ကြောင့် နိုင်ငံခြားသား အကျိုးကျေးဇူးများကို ခံစားနေသူဖြစ်သည်ဟု စွပ်စွဲထားပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၁ နှင့် ငြိစွန်း နေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ ပုဒ်မခွဲ (စ) တွင် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိရဟု ဖေါ်ပြထားသည်။

ဦးတင်ရီ၏ အထက်ပါ စွပ်စွဲချက်များများနှင့် ပတ်သက်၍ ခိုင်လုံသည့် သက်သေ အထောက်အထား မရှိခြင်းကြောင့် ကန့်ကွက်မှုကို ပယ်ချလိုက်ခြင်းဖြစ်သည်ဟုလည်း ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာနေခဲ့တုန်းက အခွန်ငွေ မဆောင်ခဲ့ဘူးပေါ့။ အဲဒီလိုမျိုး သူပြောရုံနဲ့တော့ အန်ကယ်တို့က လက်မခံဘူး။ အထောက်အထား အခိုင်အမာ တင်ပြရမယ်။ အဲဒီလိုမျိုး မဆောင်ခဲ့တာကို ဘယ်မှတ်တမ်း မှတ်ရာတွေရှိသလဲ။ သက်ဆိုင်ရာ သံရုံးက စာရွက်စာတမ်း ပြလေ။ သူ ရအောင်ယူပြီး အန်ကယ်တို့ကို တင်လေ။ ဟိုစာစောင်ထဲမှာ ပါတာကိုကူး၊ ဒီက ကြားတာကို ထည့်ရေး၊ ဒါမျိုးဆိုရင်တော့ ခိုင်မာတဲ့ အထောက်အထား မဟုတ်ဘူးလေ။ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ တင်သွင်းဖို့ သူ့မှာ တာဝန်ရှိပါတယ်" ဟု ဦးကိုကိုကပြောသည်။

ဦးတင်ရီသည် သူ၏ ကန့်ကွက်လွှာကို ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့သေးပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပယ်ချပြီးနောက် အယူခံကို တိုင်း ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံတင်ပြခဲ့ရာ တိုင်းရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ပယ်ချလိုက်ခြင်းဖြစ်သည်။

ဦးတင်ရီ၏ ကန့်ကွက်မှုနှင့် ပတ်သက်၍ တိုင်းရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည် ဟု ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည်ကို တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကိုးကားကာ "ဒါ့ကြောင့် အန်ကယ်တို့က နောက်ထပ်တကြိမ်ကိုတော့ အန်ကယ်တို့က လက်မခံတော့ဘူး။ ရှေ့လုပ်ရမယ့် အလုပ်ကိုပဲ ဆက်လုပ်တော့မယ်။ ဒါနဲ့ အချိန်ကုန်မခံနိုင်တော့ဘူး" ဟု မဇ္ဈိမကိုပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ဦးတင်ရီ၏ ကန့်ကွက်မှုကို လက်မခံနိုင်ကြောင်း တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။

"ဒီမိုကရေစီနိုင်ငံကို သွားတဲ့အခါမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တယောက် ကို ဒီလိုကန့်ကွက်ခြင်းဟာ ပြည်သူလူထု မျှော်လင့်ချက်တွေကိုလည်း ရိုက်ချိုးရာရောက်တယ်။ ဒီမိုကရေစီ အစဉ်အလာတွေကိုလည်း ပစ်ပယ်ရာရောက်တယ်။ နိုင်ငံရေး ဖြစ်စဉ်ကြီးကိုလည်း အားနည်းအောင် လုပ်ရာကျတယ်။ ဒါ့ကြောင့် ဒါကို ကျနော်တို့ လက်မခံဘူးလို့ ပြောတာပါ။" ဟု NDF မူဝါဒရေးရာကော်မတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန်အတွက် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ဝါးသင်္ခရွာတွင် သန်းခေါင်စာရင်း ဝင်ထားပြီးဖြစ်သည်။

 “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာ ကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု သတင်းမီဒီယာများကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,ဝဝဝ ခန့် ရှိသည့်အနက် ၂ဝ၁ဝ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်း အရေအတွက်မှာ ၈၃,ဝဝဝ ခန့် ရှိကြောင်း သိရှိရသည်။