မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အခြေစိုက် သတင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြုလုပ်ပေးနေ သော ရတနာပုံ Web Portal ၏ ဌာနကြီးမှူး ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွှန့်အောင်ကို အောက်ခြေဝန်ထမ်း များအား အတင်းအားဓမ္မ အလုပ်ပြောင်းရွှေ့မှု၊ အာဏာသုံး ခြိမ်းခြောက်မှုတို့ဖြင့် သမ္မတ ဦးသိန်းစိန်ထံ တိုင်တန်းရန် ဝန်ထမ်း ၈၀ ကျော်က ပြင်ဆင်နေကြသည်။
ရတနာပုံ Web Portal နှင့် လုပ်ငန်းခွဲ ဆိုလာစက်ရုံတို့တွင် ဌာနကြီးမှူး တာဝန် ယူထားသူ ဦးမျိုးညွှန့်အောင် က Web Portal တွင် လုပ်ကိုင်နေသော ဝန်ထမ်းအချို့၏ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ ဆိုလာစက်ရုံသို့ အတင်းအားဓမ္မပြောင်းရွှေ့ လုပ်ခိုင်းစေခြင်း နှင့် ဝန်ထမ်းများအား အာဏာသုံး၍ ကြိမ်းမောင်းဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ကာယကံရှင် ဝန်ထမ်းများက ပြောသည်။
ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရတနာပုံ Web Portal ဝန်ထမ်းများက စုပေါင်းဆန္ဒထုတ်ဖေါ် လက်မှတ်ထိုးထား ပြီး တနင်္လာ နေ့က ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တယ်လီပို့ရုံးများသို့ တင်ပို့ထားပြီးဖြစ်သလို သမ္မတ ဦးသိန်းစိန် ထံသို့လည်း ပို့သွား ရန်ပြင်ဆင်နေကြကြောင်း ကာယကံရှင်များက ပြောသည်။ ရတနာပုံ Web Portal တွင် ဝန်ထမ်း စုစုပေါင်း ၈၇ ဦး ရှိကြောင်း သိရသည်။
“ကျနော်တို့က သမ္မတကြီးဆီကို တင်ဖို့အတွက် ဝန်ထမ်း ၈ဝ ကျော်ကို လက်မှတ်ထိုး စားရင်းကောက်ပြီးသွား ပြီ။ အဓိကကတော့ ကျနော်တို့ကို အာဏာရှင်လိုမျိုး မခိုင်းဖို့ပဲ။ ဝန်ထမ်းတွေကို ဘယ်ကိုပြောင်းရမယ်၊ ဘာလုပ်ရမယ် ဆိုတာ တရားဝင်အကြောင်း ကြားခြင်းမရှိဘဲနဲ့ သူ့ဆီမှာ အလုပ်လုပ်နေတဲ့လူတွေကိုလုပ်ဆို လုပ်၊ မလုပ်လို့ မရဘူး ဆိုတဲ့ ပုံစံနဲ့ လုပ်သွားတာ” ဟု ရတနာပုံ Web Portal ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ဦးမျိုးညွှန့်မောင် က ရတနာပုံ Web Portal သို့ ရောက်ရှိလာပြီး ၎င်း၏ အာဏာဖြင့် ဌာနနှစ်ခုလုံးကို မည်ကဲ့သို့ အုပ်ချုပ်နိုင်ကြောင်း ဝန်ထမ်းအားလုံး ကြိမ်းမောင်းမှုများပြုလုပ်ကာ ဝန်ထမ်း ၈ဝ ကျော်အနက်မှ ၁၇ ဦး ကို ဆိုလာ စက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန်ညွှန်ကြားခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။
“ဒီမှာကတော့ စ စာချုပ်ကတည်းက Web Portal မှာ နည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ဖို့ ချုပ်ထားကြတာ။ ဆိုလာ စက်ရုံမှာ အလုပ်ကြမ်းလုပ်ဖို့ မပါဘူး။ အခုဟာက ကျနော်တို့ကို ခန့်ထားတဲ့အလုပ်နဲ့ ဟိုအလုပ်ကြမ်းနဲ့က အရမ်းကွာတော့ ဘယ်သူမှ မသွားချင်ကြဘူး” ဟု ကာယကံရှင် ဝန်ထမ်းတဦးက မဇ္စျိမကို ပြောသည်။
ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ဦးမျိုးမြင့်အောင် အား မဇ္စျိမက တိုက်ရိုတ် ဆက်သွယ်မေးမြန်နိုင်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ် မရခဲ့ပေ။ သို့သော် ဝန်ထမ်းများ အလုပ်ရွှေ့ပြောင်းခြင်းမပြုလုပ်ရန်ကိစ္စအား ရတနာပုံ တယ်လီပို့ ဌာနဆိုင်ရာ အကြီးအကဲများအကြား ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဦးမျိုးမြင့်အောင် နှင့် နီးစပ်သည့် တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
စနေနေ့က ဆိုလာစက်ရုံသို့ ပြောင်းရွှေ့အလုပ်လုပ်ရန် ရွေးထားသူများကို ဦးမျိုးညွှန့်အောင်က သူ၏ ရုံးခန်းသို့ ထပ်မံ ခေါ်ယူကာ တနင်္လာနေ့တွင် ဆိုလာစက်ရုံ၌ အလုပ်ဆင်းကြရမည်ဖြစ်ကြောင်း ပြောဆိုပြီးအလုပ်မဆင်း နိုင်သူများ အနေဖြင့် အလုပ်ထွက် လက်မှတ်ထိုးဖို့ ဖိအားပေး ခြိမ်းခြောက်သည်ဟု သွားရောက်တွေ့ဆုံခဲ့သည့် ဝန်ထမ်းများ အပြောအရ သိရသည်။
သွားရောက်တွေ့ဆုံခဲ့သည့် ဝန်ထမ်းများက Web Portal တွင် လုပ်ကိုင်ရသည့် လုပ်ငန်းနှင့် ဆိုလာစက်ရုံတွင် လုပ်ကိုင်ရမည့် လုပ်ငန်းမှာ ကွဲလွဲနေကြာင်း ဝန်ထမ်းများက ထောက်ပြပြောဆိုရာတွင် ဦးမျိုးမြင့်အောင် က
“လူပါးမဝနဲ့ ငါ့လက်ညိုး ကွေးလိုက်ရင် ဘာဖြစ်မလဲ သိလား။ နင်တို့မျက်နှာနဲ့ ငါ့လက်ဖဝါး ဘယ်ဟာကကြီး လဲ။ ဘယ်သူ စမ်းချင်လဲ။ ငါခိုင်းတာလုပ်။ ဘာမှ ပြန်မမေးနဲ့” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းတွေ့ဆုံခဲ့ သည့် ဝန်ထမ်းတဦးက မဇ္စိ်ျမကို ပြောသည်။
ရတနာပုံ Web Portal တွင် ပြည်တွင်း သတင်းများကို အဓိက ရေးသားဖေါ်ပြလျက်ရှိပြီး နိုင်ငံတကာ ရေးရာ သတင်း များအပြင် အားကစားကဏ္ဍ၊ ဖျော်ဖြေရေး၊ နည်းပညာ၊ စီးပွားရေးနှင့် နေထိုင်မှုဘဝ ကဏ္ဍများကို ဖေါ်ပြပေးလျက် ရှိသည်။ ယင်း Web Portal ကို ၂ဝ၁ဝ နှစ်ကုန်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး စစ်တပ်အရာရှိ ဟောင်းများက ဦးစီး လုပ်ကိုင်နေလျက်ရှိကြောင်း သိရသည်