အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် တိုင်းရင်းသားများ ညီညီညွတ်ညွတ်နှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်လိုခြင်းကြောင့် ရွေးကောက်ပွဲ ဝင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့ ကချင်ပြည်နယ် နမ္မတီးမြို့ ဟောပြောပွဲတွင် ပြောကြားလိုက်သည်။
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်း တခုကတော့ ပြည်ထောင်စုကို ထူထောင်ချင်လို့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်။ အဖွဲ့ချုပ် စဖွဲ့ထားစဉ် ကတည်းက တိုင်းရင်းသားများ အားလုံး သွေးစည်းညီညွတ်ရေးကို ဦးတည်ရန် ဖြစ်တယ်”ဟု လူထုပရိသတ် ငါးသောင်းခန့်အား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မိုးကောင်းမြို့နယ်အတွင်းရှိ လူငယ်များ အလုပ်လက်မဲ့ပြဿနာမှာ ကြီးမားပြီး လူငယ်များနှင့် ထိုက်တန်သည့် အလုပ်အကိုင်များ နည်းပါးနေကြောင်း ထိုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မိုးကောင်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲထည့်ရန်လည်း မဲဆွယ်စည်းရုံးခဲ့သည်။
ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် NLD ပါတီအနေဖြင့် အမျိုးသမီး ကိုယ်စားလှယ် လောင်းများကို အဓိက ထား ဝင်ရောက်ယှဉ်ပြိုင်စေခြင်း ဖြစ်ကြောင်းလည်း ပြောကြားသည်။
“အမျိုးသမီးတွေရဲ့ အင်အား မသုံးဘူးဆိုလို့ ရှိရင် ကျမတို့နိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ပါ ဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေက (အမျိုးသားဦးရေထက်) နည်းနည်းလေး သာပါသေး တယ်။ ထိရောက် အောင် အမျိုးသမီးတွေကို တဝက်မက အသုံးပြုဖို့လိုတယ်။ ဒါကြောင့် အမျိုးသမီးတွေကို တတ်နိုင်သလောက် ရွေးချယ်တာ ဖြစ်တယ်”ဟု ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသမီးကိုယ်စား လှယ် လောင်း ၁၂ ဦး ဝင်ရောက်ယှဉ်မည် ဖြစ်သည်။
နမ္မတီးမြို့တွင် ဟောပြောပြီးနောက် မိုးကောင်းမြို့ အိုးတန်းဘောလုံးကွင်းတွင်လည်း ဆက်လက် ဟောပြော ခဲ့သေး သည်။
မိမိဒေသတွင် လာရောက် စည်းရုံးသည့် မည်သည့် ပါတီ ကိုယ်စားလှယ်လောင်းကိုမဆို မေးခွန်းမေးရန် လိုအပ်သလို၊ ကိုယ်စားလှယ်လောင်း ဘက်ကလည်း မဲဆန္ဒရှင်များအား ထောက်ခံခိုင်းသည့် အကြောင်း အရင်းကို ရှင်းပြနိုင်ရမည် ဟု ဒေါ်အောင်ဆန်းစုကြည်က မိုးကောင်းမြို့တွင် ထည့်သွင်း ဟောပြောခဲ့သေးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိုးကောင်းမြို့မှ ကြာသာပတေးနေ့ ညနေ ရ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ကချင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ညစာစားပွဲ ကျင်းပခဲ့သည်။
မြစ်ကြီးနားမြို့ရှိ Unity ဟိုတယ်တွင် တည်းခိုမည်ကာ သောကြာနေ့ မနက် ၈ နာရီ အချိန်တွင် မြစ်ကြီးနား စီတာပူ ရပ်ကွက်ရှိ မနောကွင်းတွင် ဟောပြောဦးမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ၁၉၈၉ ခုနှစ် နှင့် ၂ဝဝ၃ ခုနှစ်များတွင် သွားရောက်ခဲ့ပြီး ယခု ခရီးစဉ် မှာ တတိယအကြိမ်မြောက် ဖြစ်သည်။
၁၉၈၉ ခုနှစ်က သွားရောက်စဉ် ပင်လုံပြည်ထောင်စု လမ်းပြမြေပုံကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရေးဆွဲခဲ့ သည့် ဒူဝါဇော်ရစ်ပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားများလည်း သောကြာနေ့တွင် ကျင်းပမည့် “မြစ်ဆုံ၏ ကျေးဇူး ပဲ့တင်သံ” အမည်ပေး ထားသော ဘာသာပေါင်းစုံ ဆုတောင်းပွဲ တက်ရောက်ရန် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။