တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ထံမှ နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ ရယူထားသည့် လက်နက်များ ပြန်အပ်ရန် သမ္မတဦးသိန်းစိန်မှ ညွှန်ကြားချက် ပေးလိုက်ပြီဟု DKBA ပြန်ကြားရေး တာဝန်ခံ စောလုံးလုံက မဇ္ဈိမကို ပြောသည်။
ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က DKBA စခန်းတခုမှ လက်နက်များကို BGF အဖွဲ့မှ သိမ်းယူသွားသဖြင့် ထိုလက်နက်များ ပြန်မအပ်ပါက ငြိမ်းချမ်းရေး ပျက်ပြယ်မည် ဖြစ်ကြောင်း DKBA က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များအား တင်ပြပြီးနောက် ယခုကဲ့သို့ သမ္မတညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ဒီနေ့ ၁၁ နာရီလောက်မှာ ကျနော်တို့ ဗဟိုကို သတင်းရောက်ပါတယ်။ သမ္မတ သိန်းစိန်အမိန့်နဲ့ လက်နက်တွေကို ပြန်အပ်ပေးပါလို့ သတင်းရပါတယ်။ ကျနော်တို့က ဒီအမိန့်စာ ရတဲ့အတွက် ကျနော်တို့ လက်နက်ပြန်ရမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးက ပိုနေမြဲ ကျားနေမြဲရှိမယ့် အနေအထားပါခင်ဗျာ့" ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ သတင်းစကားကို DKBA နှင့် အစိုးရကြား ငြိမ်းချမ်းရေးကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုးမှ တဆင့် ပေးပို့ရရှိခြင်းဟုလည်း စောလုံလုံက ပြောသည်။
အစိုးရ၏ နယ်ခြားစောင့်တပ်ရင်း ၁ဝ၁၁ နှင့် ၁ဝ၁၉ တပ်ရင်း နှစ်ခု ပေါင်းတို့မှ DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်းရှိ လက်နက် အလက် ၃ဝ ကျော် ဝင်သိမ်းမှုခဲ့ရမှ တင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်ရပ်နှစ်ပတ်သက်၍ DKBA ဗိုလ်ချုပ်စောလားဘွယ် က ဗိုလ်မောင်လေး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ဘားအံသို့ စေလွှတ်ကာ နယ်ခြားစောင့်တပ်မှ ဗိုလ်ဖားနွီးနှင့် နယ်ခြားစောင့်တပ်များကို ကွပ်ကဲသူ ဗိုလ်ချုပ်မောင်မောင်အုန်းတို့နှင့် တွေ့ဆုံစေခဲ့သည်။
တွေ့ဆုံမှုအတွင်း DKBA ကိုယ်စားလှယ်အဖွဲ့မှ "ခင်ဗျားတို့ သေနတ်ကို လိုချင်သလား ငြိမ်းချမ်းရေးကို လိုချင်သလား လို့ ပြောလိုက်ပါပေါ့။ ငြိမ်းချမ်းရေး လိုချင်ရင်တော့ သေနတ် ပြန်ပေးပေါ့။ သေနတ် လိုချင်ရင်တော့ ငြိမ်းချမ်းရေးတော့ မရဘူး" ဟု ဗိုလ်ချုပ် စောလားဘွယ်၏ ဆန္ဒကိုလည်း တင်ပြခဲ့သည်ဟုလည်း စောလုံလုံက မဇ္ဈိမကို ပြောသည်။
ထိုအခြေအနေတွင် ဗိုလ်မှူးမောင်မောင်အုန်း က လက်နက်များကို ပြန်မအပ်လိုသည့် သဘောထားပေးမှုကြောင့် “ဒါက သေနတ်ကို ယူတဲ့သဘောပေါ့။ အဲဒါကြောင့် ငြိမ်းချမ်းရေး ပျက်မယ့်အနေအထား” ဟု စောလုံလုံက ပြော သည်။
၂၁ ရက်နေ့ ဆွေးနွေးပွဲအတွင်း DKBA ဘက်မှ တောင်းဆိုသည်မှာ လက်နက် ပြန်အပ်ရေးအပြင်၊ ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသကို လက်နက် ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရေး၊ မြိုင်ကြီးငူဆရာတော်ကို စောင့်ရှောက် ဝေယျာဝိစ္စ လုပ်ပေးရန် DKBA နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၄ ဦး ရွေးချယ်ပေးနိုင်ရေးတို့ကို တောင်းဆိုထားသည်ဟုလည်း သိရသည်။
အဆိုပါ တောင်းဆိုချက်များကိုပါ ပြေလည်အောင် ဖြေရှင်းပေးရန် ရှိနေသည့်အတွက် ကြန့်ကြာမှုများ ရှိနေသည်ဟု လည်း ငြိမ်းချမ်းရေးကိုယ်စားလှယ် စောခင်စိုးထံမှ သတင်းစကားပါးသည်ဟု စောလုံလုံက ပြောသည်။ “သူတို့ အတတ်နိုင်ဆုံး အပြေလည်ဆုံးလုပ်ပေးနေတယ်လို့ ကျနော်တို့ကို အကြောင်းပြန်တယ်ခင်ဗျာ့။ အမြန်ဆုံး ပြေလည် သွားမယ်လို့ ကျနော်တို့ ယုံကြည်တယ်ခင်ဗျာ့" ဟု မဇ္ဈိမကို ပြောသည်။
DKBA နှင့် အစိုးရကိုယ်စားလှယ်တို့အကြား အပစ်ရပ်စဲရန် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
၁၉၉၄ ခုတွင် ကရင် အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့သော DKBA အနက် တပ်အများစုက ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်များ အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင် ပြောင်းခဲ့ကြသည်။