ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံထောင်မှ အကျဉ်းသားနှစ်ဦးကို ထောင်ပြင်ပ ကျိုင်းတုံမြို့ အထွက်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိမှု တနင်္လာနေ့က ဖြစ်ပွားခဲ့ကြောင်း ထောင်အာဏာပိုင် သတင်းရပ်ကွက်ထံမှ သိရသည်။
မြင်းဆေး ခေါ် စိတ်ကြွဆေး အပြား ၂၀ သယ်ဆောင်လာသူ လူနှစ်ဦးကို Dream အမျိုးအစား ဆိုင်ကယ် အပြာရောင် တစီးနှင့်အတူ ကျိုင်းတုံမြို့အထွက် နောင်ဖာ ဂိတ်တွင် တနင်္လာနေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့မိပြီး စစ်ဆေးကြည့်ရာမှ အကျဉ်းသားများဟု သိရှိရပြီး ကျိုင်းတုံထောင်သို့ လွှဲပြောင်းပေးခဲ့သည်။
“သူတို့ကို ကျိုင်းတုံကနေ အထွက် မိုင်းယန်းကို သွားတဲ့ နောင်ဖာ စုပေါင်းဂိတ်မှာ မြင်းဆေးတွေနဲ့ မိတာပါ။ အဲဒီအချိန််မှာ သူတို့က အရပ်ဝတ်တွေနဲ့ပဲ” ဟု အာဏာပိုင် အသိုင်းအဝိုင်းက မဇ္စျိမကို ပြောသည်။
ဖမ်းဆီးရမိသူ အကျဉ်းသား အိုက်ကျော် (ခ) သန်းလွင်ကျော်နှင့် စိုးနိုင် (ခ) ကုလားလေး တို့မှာ ကျိုင်းတုံ ယာယီ ထောင်ပိုင် ဦးဌေးမောင်အိမ်တွင် နေထိုင်သူများဖြစ်ကြပြီး မကြာမီ လပိုင်းတွင် လွတ်ရက်စေ့တော့မည့် သူများလည်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေသူများ ဖြစ်သော်လည်း ထောင်မှူး ဦးကျော်သိန်းကို ငွေကြေးထောက်ပံ့ကာ ထောင်ပိုင် ဦးဌေးမောင်အိမ်တွင် အိမ်အကူ အလုပ်များ လုပ်ကာ အပြင်လူများကဲ့သို့ သွားလာခွင့် ရှိသူများဖြစ်သည်ဟု ထောင်အသိုင်းဝိုင်းမှပင် သိရသည်။
တနင်္လာနေ့က ထောင်တွင်အသုံးပြုနေသည့် မီးစက်အတွက် လိုအပ်သည့် ပစ္စည်းများကို ကျိုင်းတုံ စျေးထဲသို့ သွားရောက် ဝယ်ခိုင်းရာမှ အပြန် နောင်ဖာဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးအား ကျိုင်းတုံထောင် အချုပ်ဆောင်တွင် ထားရှိပြီး ရဲဘက်ပြေးမှု ပုဒ်မ ၂၂၄ နှင့် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု တို့ဖြင့် ထောင်တရားရုံးတင်ကာ စစ်ဆေးခဲ့ကြောင်းသိရသည်။
“ဒီနေ့ သူတို့ကို စစ်တော့ သက်လွင်ကျော်ရဲ့ ထွက်ချက်ထဲမှာ မူးယစ်ဆေးဝါးကို ထောင်ထဲမှာရှိတဲ့ သာအေး ဆိုတဲ့ လူက အဝယ်ခိုင်းတာ။ သာအေးကလည်း မူးယစ်နဲ့ ကျထားတာ။ အခု သူ့ကိုလည်း စစ်မှာ” ဟု ထောင်နှင့် နီးစပ်သူက ပြောသည်။
“ကုလားလေး စိုးနိုင်ကလည်း မကျေနပ်ဘူး။ ခိုင်းတာက ထောင်မှူးက ခိုင်းတာ။ ပြီးတော့ သူတို့က ပိုက်ဆံ ၃ သိန်းပေးပြီး အပြင်ဘုတ်အဖြစ်နဲ့နေတာ။ မိတော့မှ ရဲဘက်ပြေးနဲ့ ဖမ်းတယ် ဆိုပြီးတော့” ဟု သူက ဆက်ပြောသည်။
ထောင်မှူး ဦးကျော်သိန်း၏ ခိုင်းစေမှုဖြင့် စက်ပစ္စည်း သွားဝယ်သူ နှစ်ဦးကို ရဲဘက်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့်တရား စွဲဆိုမှုကို တရားမျှတမှု မရှိဟု ဆိုကာ ထောင်ဝန်ထမ်းအချို့က မကျေနပ်သဖြင့် အကျဉ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဝင်းထံသို့ လိပ်မူကာ တိုင်တန်းစာ ပေးပို့ခဲ့သည်။
ကျိုင်းတုံထောင်တွင် ရာဇဝတ်မှုဖြင့် အကျဉ်းကျနေသူအချို့မှာ ငွေကြေးတတ်နိုင်သူများ ဖြစ်ပြီး ထောင်အာ ဏာပိုင်များ ကို ငွေကြေးပေးကာ အပြင်ဘုတ်ခေါ် သီးသန့် လွတ်လပ်စွာ နေထိုင်ခွင့်၊ အပြင်ထွက်ခွင့်များ ရရှိသလို အစားအသောက်များကိုလည်း လွတ်လပ်စွာ စားသုံးခွင့်ရှိကြောင်း ယင်းထောင်မှ လွတ်မြောက်လာသူ့ အကျဉ်းသား အချို့ထံမှ သိရသည်။
ထို့အတူ အာဏာပိုင်များနှင့် ပူးပေါင်းကာ ထောင်တွင်း မူးယစ်ဆေးဝါး သယ်ယူ သုံးစွဲခွင့် ရနေသူများလည်း ရှိကြောင်း သိရသည်။