အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးမည်ဟု KNPP ပြော

အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးမည်ဟု KNPP ပြော
by -
မဇ္စျိမ

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မတ်လ ပထမအပါတ်ထဲတွင် တွေ့ဆုံမည့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP က ၎င်းတို့ အနေဖြင့် နယ်မြေတွင်း အပစ်ရပ်စဲရေးကို ပထမအဆင့် ဦးစားပေး လုပ်ဆောင်သွားပြီးမှ ဒုတိယအဆင့်အဖြစ် နိုင်ငံဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ နှစ်ဘက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ထပ်မံ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပြီး နှစ်ဘက်တပ်များ အပစ်ခတ် ရပ်စဲရေး၊ နယ်မြေ သတ်မှတ်ရေး၊ ဆက်သွယ်ရေးရုံးများ ထားရှိရေးနှင့် ကရင်နီတပ်ဖွဲ့ဝင်များ၏ အခြေခံ လိုအပ်ချက်များကို ဆွေးနွေးသွားမည်ဟု KNPP အတွင်းရေးမှူး ၁ ခူးဦးရယ် က ပြောသည်။ 

“ပထမအဆင့်မှာတော့ နှစ်ဘက်တပ်ဖွဲ့တွေရဲ့အခြေအနေကိုပဲ တင်ပြမှာပါ။ အထူးသဖြင့်တော့ တပ်ဖွဲ့တွေရဲ့ တည်နေရာ ဒေသနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုထားကြမလဲ။ နောက်ပြီးတော့ ကျနော်တို့ တပ်ဖွဲ့တွေ သွားလာ လှုပ်ရှားဖို့ နယ်မြေကိစ္စတွေရယ်။ အပြန်လှန်ယုံကြည်မှု တည်ဆောက်ဖို့အတွက် ဆက်သွယ်ရေးရုံးတွေ ထားရှိဖို့။ ကျနော်တို့တပ်ဖွဲ့တွေ ရပ်တည်နိုင်ဖို့အတွက် အခြေခံ လိုအပ်မှုတွေကို ဆွေးနွေးကြမှာပါ” ဟု ခူးဦးရယ် က မဇ္စျိမကို ပြောသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော သမ္မတ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် KNPP ခေါင်းဆောင်အချို့ ဖေဖေါ်ဝါရီ လဆန်းပိုင်းက အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး မက်လ ပထမ အပတ်ထဲတွင် ထပ်မံတွေ့ဆုံကြရန် သဘောတူခဲ့ကြသည်။

သို့သော် ဦးအောင်မင်း က နှစ်ဘက်တွေ့ဆုံမှုရက်အတိကျကို KNPP သို့ အကြောင်းမကြားရသေးမီ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က နိုင်ငံခြား “ရိုတ်တာ” သတင်းဌာနသို့ပြောကြားရာတွင် “မတ်လ ၁ ရက်နေ့တွင် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)နှင့် အပစ်ရပ်ရေး လက်မှတ်ထိုးမည်” ဟု ပြောဆိုခြင်းအား KNPP က ပြစ်တင် ပြောဆို လိုက်သည်။

“ဒီဟာကတော့ ဦးအောင်မင်းရဲ့ပြောတဲ့စကားပါ။ အပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာ သူတို့ရဲ့ဆောင်ရွက်မှုတွေ အောင်မြင်နေတယ်ဆိုတဲ့ အနေအထားမျိုး မြင်အောင်လို့ တမင်တကာ လုပ်ကြံပြောတယ်လို့ပဲ မြင်ပါတယ်။ အမှတ် ယူနေတာပေါ့နော်။ ကျနော်တို့နဲ့ ပထမ တွေ့ဆုံစဉ်တုန်းက အဲသလို နေ့ရက် သတ်မှတ်တာမျိုးတွေ မရှိသေးပါဘူး။ သူကိုယ်တိုင်လည်း မသတ်မှတ်ဘဲနဲ့ အဲသလိုပြောလိုက်တာကတော့ ကျနော်တို့အပေါ်မှာ သဘောထား မရိုးဘူးလား လို့ အဲသလိုတော့ ထင်စရာ ရှိပါတယ်” ဟု ခူးဦးရယ် က ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရနှင့် KNPP နှစ်ဘက် ကိုယ်စားလှယ်များ အကြား အဆက်အသွယ် ရှိထားကြောင်း KNPP ထံမှ သိရသည်။

KNPP အနေဖြင့် ပထမအဆင့် အပစ်ခတ်ရပ်စဲရေး ဖေါ်ဆောင်ပြီးလျှင် ဒုတိယ အဆင့်အဖြစ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားနိုင်ရန် အဖွဲ့အတွင်း ဆွေးနွေးသွားမှာဖြစ်ကြောင်း သိရသည်။ ထို့အတူ ကရင်နီဒေသဖွံ့ဖြိုးရေး၊ တိုက်ပွဲများကြောင့် ထွက်ပြေးခိုလှုံနေသည့် ကရင်နီ ဒုက္ခသည် တသောင်းခွဲကျော် နေရပ်ရင်း ပြန်ရောက်နိုင်ရေး အလုပ်ကိုင်ရရှိရေးတို့ကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဟု ဆိုသည်။

အဆိုပါ ကရင်နီ ဒုက္ခသည်များသည် ၁၉၉ဝ ကျော်ခုနှစ်များကပင် အိုးအိမ်များကို စွန့်ခွာ၍ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ဒုက္ခသည်စခန်း နှစ်ခုတွင် ခိုလှုံခဲ့ကြသည်။ KNPP ခေါင်းဆောင်များက အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် ကိစ္စများအား ထိုဒုက္ခသည် စခန်းများသို့ ဖေဖေါ်ဝါရီ ၂ဝ ရက်နေ့မှ စတင်ကာ ရှင်းပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ခူးဦးရယ်က ပြောသည်။

“သူတို့ကို လုံခြံုတဲ့၊ အာမခံချက်ရှိတဲ့ အခြေအနေရောက်မှ မြန်မာပြည်ကို ပြန်ကြဖို့။ ဆွေးနွေးမှုက အဆင်ပြေ မပြေ ဆိုတာ အာမ မခံနိုင် သေးကြောင်းရှင်းပြတာ။ ခု လောလောဆယ်ကတော့ နယ်မြေအတွင်းမှ နှစ်ဘက်တပ်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေက ရှိနေတုန်းပဲ” ဟု သူက ပြောသည်။

ဖေဖေါ်ဝါရီ လဆန်းပိုင်းက ချင်းမိုင်မြို့တွင် နှစ်ဘက်ငြိမ်းချမ်းရေးအဖွဲ့များ အလွတ်သဘောတွေ့ဆုံရာတွင် ကရင်နီ နယ်မြေအတွင်း အဓမ္မ လယ်ယာမြေ သိမ်းမှုများနှင့် ဒေသခံ လူထုဆန္ဒမပါဘဲ တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုမရောက်သေးမီထိ ယာယီ ရပ်ဆိုင်းထားပေးဖို့ KNPP က ဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

KNPP ကို ကရင်နီ တပ်မတော်၏ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ၁၉၅၇ က တည်ထောင်ခဲ့သည်။ KNPLF နှင့် KNSO တို့ကို မြန်မာစစ်တပ် ကွပ်ကဲမှုအောက်က နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းဖွဲ့ခဲ့ပြီးနောက် KNPP သာ မြန်မာ အစိုးရကို ဆက်တိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့အဖြစ် ကျန်ရှိသည်။

၁၉၄၈ ခုနှစ် ဗြိတိန်က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါ သီးခြားအုပ်ချုပ်မှု ရှိခဲ့သော ကရင်နီဒေသကိုပါ ထည့်သွင်းခဲ့ရာ လွတ်လပ်သော မြန်မာနိုင်ငံတွင် ပါဝင်ရန် ကရင်နီတို့က ငြင်းဆန်ခဲ့သည်။

ဝန်ကြီးချုပ် ဦးနု အစိုးရလက်ထက် စစ်ပုလိပ်တပ်ဖွဲ့ကို နယ်မြေသိမ်းပိုက်ခိုင်းရာက သြဂုတ်လ ၉ ရက်၊ ၁၉၄၈ ခုနှစ်တွင် ကရင်နီအမျိုးသားအဖွဲ့ KNO ရုံးချုပ်ကို တိုက်ခို်က်ရာက ကရင်နီတို့၏ ပုန်ကန်မှု စတင်ခဲ့သည်။