အရှင်ဂမ္ဘီရကို ထိရောက်စွာ အရေးယူတော့မည်ဟု နိုင်ငံပိုင်သတင်စာရေး

အရှင်ဂမ္ဘီရကို ထိရောက်စွာ အရေးယူတော့မည်ဟု နိုင်ငံပိုင်သတင်စာရေး
by -
မဇ္ဈိမ

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင်ဟု လူသိများသည့် အရှင်ဂမ္ဘီရသည် ပြစ်မှုဆိုင်ရာ ဥပဒေများ ကို ချိုးဖေါက်ခြင်း၊ နိုင်ငံတော်အဆင့် သံဃာအဖွဲ့အစည်းများကို ထိပါးစော်ကားခြင်းတို့ကြောင့် ထိထိရောက် ရောက် အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာ တွင် ရေးသားထားသည်။

အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး ချိတ်ပိတ်ခံခဲ့ရသည့် သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်း၊ ဗဟန်းမြို့နယ်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တို့ကို ခွင့်ပြုချက် မရဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ သော့များကို ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့ သည်ဟုလည်း သတင်းစာက စွပ်စွဲရေးသားထားသည်။

ထို့အပြင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က အရှင်ဂမ္ဘီရမှ နိုင်ငံတော်သံဃာ့ မဟာနာယကသို့ ပေးပို့လျှောက် ထားစာတွင် ကြည့်မြင်တိုင်မြို့နယ် သာဓု ဗုဒ္ဓတက္ကသိုလ်၏ နာယက ဆရာတော် ဦးပညာသီဟ ခေါ် ရွှေညဝါဆရာတော်ကို ကျောင်းတိုက်မှ နှင်ထုတ်ခြင်းကို "ကန့်ကွက်ကြောင်း"နှင့် လက်ရှိအကျဉ်းထောင်များ အတွင်း အကျဉ်းသား ၄၁၅ ဦးတွင် ပါဝင်သော သံဃာ ၄၃ ပါးအား နိုင်ငံတော် သံဃာ့မဟာနာယကမှ လွှတ်မြောက်အောင် ဆောင်ရွက်ပေးခြင်း မရှိသည်ကို အလေးအနက် "ရှုတ်ချကြောင်း"ပါရှိသည်ဟု သတင်းစာတွင် ရေးသာထားသည်။

အရှင်ဂမ္ဘီရ၏ အဆိုပါ လျှောက်ထားစာများတွင် ပါဝင်သည့် "ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း" အသုံးအနှုန်းများ သည် နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ထိပါးစော်ကားမှုပြုပြီး ဆရာတော်ကြီးများအား ဂုဏ်သိက္ခာ ကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်ခြင်းဟုလည်း သတင်းစာက ရေးသားထားသည်။

"ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း" အသုံးအနှုန်းများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များ အတွက် ပိုမို အတင့်ရဲစေနိုင်သည့် အလားအလာရှိနေကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။

အသက် ၃၃ နှစ်ရှိ အရှင်ဂမ္ဘီရသည် ရဟန်းနှင့် မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိကာ ထင်ရာစိုင်းနေသူဟု စွပ်စွဲ ရေးသားထားပြီး မဟန အနေဖြင့် ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရန် ဆန္ဒရှိပြီး ပြစ်မှုဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်တော့မည်ဟုလည်း သတင်းစာတွင် ဖေါ်ပြပါရှိသည်။

အရှင်ဂမ္ဘီရသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါးဖြစ်သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။ ထိုသို့ အဖမ်းခံရပြီးနောက် ဆရာတော် အရှင်ဂမ္ဘီရကို ထောင်ဒဏ် ၆၃ နှစ် ကျခံနေရာမှ သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်မြောင်းမြထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။